သီပေါ နိုဝင်ဘာ ၁၀
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင် သီပေါမြို့၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ တွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းက သီပေါမြို့နယ်ခန်းမ၌ ကျင်းပသည်။
တွေ့ဆုံပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က သီပေါမြို့ကို မူလအခြေအနေ အတိုင်းဖြစ်အောင် ဆောင်ရွက်ရာတွင် အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများနှင့် ပြည်သူများကလည်း ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားပြီး ဒေသခံပြည်သူများအား အခြေခံစားသောက်ကုန် များ ပေးအပ်သည်။
ထို့နောက် သီပေါမြို့ စည်ပင်သာယာရေးဌာနရုံး၌ ပြည်နယ်ဝန်ကြီးချုပ်သည် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံ၍ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် လူသုံးကုန်ပစ္စည်းများ ရရှိရေးကို ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်းနှင့် ကနဦးဆောင်ရွက်ရမည့် ကိစ္စရပ်များကို ဦးစားပေး ဆောင်ရွက်ကြရန် ပြောကြားသည်။
ယင်းနောက် သီပေါပြည်သူ့ဆေးရုံ၌ ဆေးကုသ မှုခံယူနေကြသော ဒေသခံပြည်သူများအား အားပေး စကားပြောကြားပြီး အာဟာဖြည့် စားသောက်ဖွယ်ရာများပေးအပ်၍ ဆေးရုံအတွင်း ရွေ့လျားခွဲစိတ်ခန်းနှင့် ကလေးများအား ကာကွယ်ဆေးထိုးနှံနေမှုကို ကြည့်ရှုအားပေးကာ ဆေးရုံမှ ဆရာ ဆရာမများအတွက် ချီးမြှင့်ငွေများ ပေးအပ်သည်။
ဆက်လက်၍ သီပေါမြို့ ကုန်းတော်ဘုန်းတော် ကြီးကျောင်း၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနက ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ် ရေးကတ်ပြားများ ဆောင်ရွက်ပေးနေမှုနှင့် သီပေါမြို့ ပန်းတိမ်မြောက်ရပ်ကွက် မီးသတ်ဦးစီးဌာနရှိ မီးသတ်တပ်ဖွဲ့ဝင်များအား တွေ့ဆုံအားပေးစကားပြောကြားပြီး ချီးမြှင့်ငွေများ ပေးအပ်သည်။
ထို့နောက် မြို့လယ်ရွှေစေတီကျောင်းရှိ ဆရာတော်၊ သံဃာတော်များအား ဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများ၊ နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းသည်။
ယင်းနောက် သီပေါမြို့ ဇာတ်စုရပ်ကွက်ရှိ မြို့မ ရဲစခန်း၌ ရဲတပ်ဖွဲ့ဝင်များအား ချီးမြှင့်ငွေများပေးအပ်ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် အကျဉ်းဦးစီးဌာနတို့ကို ကြည့်ရှုစစ်ဆေး၍ ဝန်ထမ်းများအား အားပေးစကားပြောကြားကာ ချီးမြှင့်ငွေပေးအပ်သည်။
ဆက်လက်၍ သီပေါမြို့ တောင်မြို့ရပ်ကွက်ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ စာသင်ကြားနေမှု၊ ကျောင်းသား ကျောင်းသူများအား ကာကွယ်ဆေးထိုးနှံနေမှုနှင့် ကျောင်းစာကြည့်တိုက်တွင် စာပေဖတ်မှတ်လေ့လာနေမှုတို့ကို ကြည့်ရှုအားပေးပြီး စာကြည့်တိုက်အတွက် အလှူငွေနှင့် ဆရာ ဆရာမများအား ချီးမြှင့်ငွေများပေးအပ်သည်။
ထို့နောက် ဘော်ကြိုကျေးအုပ်စုရှိ ရှေးဟောင်း သမိုင်းဝင် ပေါ်ကြိုမုဋ္ဌောစေတီတော်ကို ဖူးမြော် ကြည်ညိုပြီး စေတီတော်ဘက်စုံမွမ်းမံပြုပြင်ရန် အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)


