နေပြည်တော် ၂ မေ
သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ ခရိုင်စစ်ကြောင်းအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဧပြီ ၂၉ ရက်မှ ၃၀ ရက်အထိ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ မင်းကုန်းကျေးရွာအုပ်စု၊ စံပြကျေးရွာ (က)လမ်း အမှတ်(၂/၃၄) ဦးလှဦး၏ နေအိမ်ခြံဝင်းမှ တရားမဝင် ကျွန်းခွဲသား (၁ ဒသမ ၅၃၅၄)တန်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ/ယင်းမာ ပင်ခရိုင်၊ ကနီမြို့နယ်၊ မုံရွာ-ယာကြီး-ကလေးဝကားလမ်း (၃၅/၅)မိုင်အနီးနေရာ၌ ယာဉ်အမှတ် (၉ဌ/ ၅၁၉၅၇) (လေးလုံးထိုးထော်လာဂျီ) ယာဉ်ပေါ်မှ တရားမဝင်ပိတောက်ခွဲသား (၃ ဒသမ ၁၄၆၆) တန်နှင့် တရားခံ(၁)ဦးတို့အား ဖမ်းဆီးရမိခဲ့သည်။
ထို့အပြင် မုံရွာမြို့နယ်၊ အလုံ-ထန်းတောရပ်တွင် မော်တော်ယာဉ် (၃)စီးပေါ်မှ တရားမဝင် ပိတောက်ခွဲသား (၄ ဒသမ ၁၅၀ဝ) တန်၊ ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ်၊ ညောင်ဖောက်ကျေးရွာ အနောက်ဘက် (၂)ဖာလုံခန့်အကွာနေရာမှ တရားမဝင် တောင်စကိုင်းခွဲသား (၅ ဒသမ ၇၄၂၆)တန်တို့အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိပြီး ဆက်စပ်ပတ်သက်သူများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သစ်တောဉီးစီးဌာနမှ သိရသည်။
မောင်လူမော်


