ရန်ကုန် ၂၅ ဧပြီ

 

နှစ်(၁၀ဝ)သက်တမ်းရှိ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်တွင် အများပြည်သူအပန်း ဖြေအနားယူနိုင်ရန်နှင့် တိရစ္ဆာန်များကိုလေ့လာနိုင်ရန် ကောင်းကင်ကြိုး Zip Line စီးနင်းခြင်းကို ဧပြီ ၂၆ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

 

"တစ်ခါစီးရင် တစ်ဖက်တစ်ယောက်စီနဲ့ ကြိုးနှစ်ချောင်းမှာ နှစ်ယောက် စီးလို့ရအောင် ဆောင်ရွက်ထားပါတယ်။ တာဝါ(A)အပေါ်ကနေ အောက်ဘက်ရေကန်ကိုဖြတ်ပြီး တာဝါ(B)ကို စီးနင်းတာပါ။ တာဝါ (B)ကနေ တာဝါ(A)ကိုလည်း စီးနင်းလို့ရအောင် စီမံထားပါတယ်။ ဝန်ဆောင်မှုအနေနဲ့ လုံခြုံရေးကို အထူးဆောင်ရွက်ထားပြီးတော့ အပန်းဖြေ စီးနင်းတဲ့အခါမှာ ပျော်ရွှင်မှုအပြည့်အဝရရှိအောင် ဆောင်ရွက်ထားပါတယ်" ဟု Zip Line တာဝန်ခံ ဦးညီမင်းထက်က ပြောသည်။

 

မြန်မာနိုင်ငံတွင် မွန်ပြည်နယ် စိမ်းလဲ့တင်အပန်းဖြေဥယျာဉ်နှင့် ရန်ကုန်မြို့ တိရစ္ဆာန်ဥယျာဉ်၊ မန္တလေး(၇)မိုင်ခွဲတို့တွင် နေရာသုံးနေရာသာ ကောင်းကင်ကြိုး စီးနင်းသော အပန်းဖြေကစားနည်းဖြင့် အပန်းဖြေ လာရောက်သူတို့ကို ဝန်ဆောင်မှုပေးလျက်ရှိသည်။ ရန်ကုန် တိရစ္ဆာန်ဥယျာဉ် တွင်ရှိသော တာဝါတိုင်တို့မှာ တစ်ခုလျှင် မီတာ ၂၀ အမြင့်ရှိကြပြီး တစ်ခု နှင့်တစ်ခုအကွာအဝေးမှာ မီတာ ၁၆၀.၃ မီတာအကွာအဝေးရှိ၍ တာဝါတိုင် နှစ်ခုကြားတွင် ဆောင်းခိုငှက်သဘာဝရေအိုင်ဖြင့် ရန်ကုန် တိရစ္ဆာန်ဥယျာဉ် ၏အလှကို လျှပ်တစ်ပြက်အပေါ်စီးမှတွေ့မြင်ခံစားနိုင်ရန် စီမံဆောင်ရွက်ထားခြင်း ဖြစ်သည်။ တိရစ္ဆာန်ဥယျာဉ်တွင် ကောင်းကင် ကြိုးစီးနင်းမှုနှင့်အတူ တာဝါ(B)တွင် နံရံတက်ခြင်း(Wall Climbing)နှင့် Quick Jump ကစားခြင်း ၊ တာဝါ(A)တွင် သစ်ပင်တက်ကစားနည်း (Tree Climbing) တို့ဖြင့် Zipline Adventure ဧရိယာတွင် အများပြည်သူအပန်းဖြေနိုင်ရန် ဝန်ဆောင်မှုပေးထားကြောင်း သိရသည်။

 

ကောင်းကင်ကြိုးစီးနင်းရာတွင် လုံခြုံရေးကို အထူးကြပ်မတ်ထားပြီး သိုင်းကြိုးများကို အမေရိကန်နိုင်ငံမှ ပစ္စည်းများဖြင့် အသုံးပြုထားကာ ဖိလစ်ပိုင်နိုင်ငံမှ လေ့ကျင့်သင်ကြားပေးသူများဖြင့် လာရောက် အပန်းဖြေ စီးနင်းသူများကို ဦးစွာလေ့ကျင့်ပြသပြီးမှသာ စီးနင်းခွင့်ပြုမည်ဖြစ်ပြီး ပေါင် ၂၀ဝ အထက်ရှိသူများ၊ နှလုံးရောဂါနှင့် ဝက်ရူးပြန်ရောဂါရှိသူတို့ ကို စီးနင်းခွင့်ပြုမည်မဟုတ်ဘဲ တာဝါပေါ်သို့ စီးနင်းမည့်သူနှစ်ဦးသာ တက်ရောက်ခွင့်ပြုမည်ဖြစ်ကာ လုံချည်နှင့်ပုဆိုး ဝတ်ဆင်ထားသူတို့အတွက် အဆင်ပြေစေရန် အဆိုပါနေရာတွင် ဘောင်းဘီဝတ်ဆင်နိုင်ရန် ဝန်ဆောင်မှု ပေးထားကြောင်းနှင့် ဧပြီ ၂၆ ရက်နံနက်ပိုင်းတွင် စတင်ဖွင့်လှစ်၍ တိရစ္ဆာန်ဥယျာဉ်သို့ လာရောက်အပန်းဖြေသူများအတွက် စိတ်လှုပ်ရှားဖွယ်ရာ ဝန်ဆောင်မှုသစ်တစ်ခုအနေဖြင့် ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း သိရသည်။

 

သန်းထိုက်၊ ဓာတ်ပုံ -သန်းစိုး