ရန်ကုန် နိုဝင်ဘာ ၁၁

 

ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအား သုတေသန အရည်အသွေးများ တိုးတက်လာစေရန် သုတေသနစကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ်ရှိ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် ပင်မဆောင်ခန်းမ၌ ကျင်းပသည်။

 

ဦးစွာ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာသုနန္ဒာက အမှာစကား ပြောကြားပြီး စကားဝိုင်းဆွေးနွေးပွဲကို ဒုတိယပါမောက္ခချုပ် ဒေါက်တာထိပ်တင်ဟန်က ဦးဆောင်ဆွေးနွေးသူအဖြစ် စတင်ဆွေးနွေးသည်။

 

ဆက်လက်၍ စကားဝိုင်းဆွေးနွေးပွဲတွင် ကုန်ထုတ်ဓာတုဗေဒဌာန ပါမောက္ခ/ဌာနမှူး ဒေါက်တာသင်းသင်းခိုင်၊ ဘူမိဗေဒဌာန ပါမောက္ခ/ဌာနမှူး ဒေါက်တာတို့တို့ဝင်းကြည်၊ ရူပဗေဒဌာန ပါမောက္ခ/ဌာနမှူး ဒေါက်တာမြတ်ရွှေဝါ၊ ပထဝီဝင်ဌာန ပါမောက္ခ/ဌာနမှူး ဒေါက်တာ ရီရီသန်း၊ အင်္ဂလိပ်စာဌာန ပါမောက္ခ/ဌာနမှူး ဒေါက်တာ ဝင်းမဉ္ဇူနှင့် ဥပဒေပညာဌာန ပါမောက္ခ/ဌာနမှူး ဒေါက်တာသီတာမြင့်တို့က သုတေသနဒီဇိုင်း၊ သုတေသနလုပ်ငန်းအဆင့်ဆင့်၊ သုတေသနအမျိုး အစားများ၊ သုတေသနအစိတ်အပိုင်းတစ်ခုစီ၏ ဝိသေသလက္ခဏာများ၊ သုတေသနတွေ့ရှိချက်ကို ဖတ်ကြားတင်သွင်းခြင်းနှင့် Literature Review၊ AI နည်းပညာအကြောင်း စသည့်ခေါင်းစဉ်များဖြင့် စကားဝိုင်း ကို ဆွေးနွေးခဲ့ကြပြီး သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ သက်ဆိုင်ရာ ခေါင်းစဉ်များအလိုက် ပြန်လည်ရှင်းလင်းခဲ့ကြကြောင်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)