ရန်ကုန် ၅ မတ်
ရန်ကုန်စီးပွားရေးတက္ကသိုလ်(ရွာသာကြီး)၏ တတိယအကြိမ်မြောက် မဟာသင်္ကြန် အကြိုပွဲတော်ကို ယနေ့နံနက်ပိုင်းမှ မွန်းလွဲ ၃ နာရီထိ စည်ကား သိုက်မြိုက်စွာဖြင့် ကျင်းပခဲ့သည်။
အခမ်းအနားကို နံနက် ၉ နာရီခွဲတွင် မန်းတောင်ရိပ်ခို သီချင်းဖြင့် စတင်ဖွင့်လှစ်ပြီး ရန်ကုန်စီးပွားရေးတက္ကသိုလ်(ရွာသာကြီး) ပါမောက္ခချုပ် ဒေါက်တာတင်ဝင်းက အဖွင့်အမှာစကား ပြောကြားပြီး ရန်ကုန်စီးပွားရေး တက္ကသိုလ် (ရွာသာကြီး) ကျောင်းသားများသမဂ္ဂမှ ကျောင်းသား၊ ကျောင်းသူတို့က သံချပ်ဖြင့်ဖျော်ဖြေသည်။ ထို့ပြင် ယိမ်းအဖွဲ့(၁၂)ဖွဲ့အပါအဝင်၊ ကျောင်းသား၊ ကျောင်းသူများ၏ ခေတ်ပေါ်တေးဂီတများ၊ အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သိရသည်။
သင်္ကြန်အကြိုပွဲတော်ကို ရွာသာကြီးနယ်မြေနှင့် လှိုင်နယ်မြေတို့တွင် ကျင်းပခဲ့သည်မှာ တတိယအကြိမ်မြောက်ဖြစ်ပြီး ရန်ကုန်တက္ကသိုလ်(လှိုင်နယ်မြေ)တွင် မတ်လ(၄)ရက်နေ့က ကျင်းပခဲ့ကာ ရန်ကုန်တက္ကသိုလ်(ရွာသာကြီးနယ်မြေ)တွင် ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
“သင်္ကြန်ကာလက ကျောင်းပိတ်ချိန်မှာ ကျောင်းသားတွေမရှိတဲ့အတွက် အခုလိုပွဲတော်ကို ကျောင်းသားတွေ ကျင်းပတာပါ။ ကျောင်းသား(၅)ထောင်ကျော်မှာ သုံးထောင်နီးပါး ပါဝင်ဆင်နွှဲကြပါတယ်။ တစ်ဦးနဲ့တစ်ဦး ချစ်ခင်နွေးထွေးမှုကို ပိုပြီးရရှိစေပါတယ်။ ကျောင်းသားတွေ ပျော်ရွှင်တာမြင်ရတော့ ဆရာ၊ဆရာမတွေလည်း ဝမ်းသာကြပါတယ်။ စနစ်တကျ ပျော်ရွှင်စေဖို့ ဘေးကနေ ဝိုင်းဝန်းပံ့ပိုးဆောင်ရွက်ရပါတယ်” ဟု ရန်ကုန်စီးပွားရေးတက္ကသိုလ်(ရွာသာကြီး) ပါမောက္ခချုပ် ဒေါက်တာတင်ဝင်းက ပြောခဲ့သည်။
ရန်ကုန်စီးပွားရေးတက္ကသိုလ်(ရွာသာကြီး)သင်္ကြန်အကြိုပွဲတော်တွင် လှိုင်နယ်မြေမှ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများနှင့် အခြားတက္ကသိုလ်မှ ကျောင်းသားအချို့လည်း ပါဝင်ဆင်နွဲကြပြီး စတုဒီသာမဏ္ဍပ်(၃၆)ခုမှ အကျွေးအမွေးများဖြင့် ကျောင်းသား၊ ကျောင်းသူတို့က ဧည့်ခံခဲ့ကြသည်။ ပွဲတော်တွင် ကျောင်းသားများ တစ်ဦးနှင့်တစ်ဦး ချစ်ခင်နွေးထွေးမှုကို ပိုမိုရရှိကြပြီး စာမေးပွဲကာလမတိုင်မီ ကျင်းပခြင်းဖြစ်ရာ စိတ်လက်ပေါ့ပါးစွာ ဆင်နွဲကြသည်။ ထို့ကြောင့် သင်္ကြန်အကြိုပွဲတော်ကို နှစ်စဉ် မတ်လ ပထမပတ်တွင် သတ်မှတ်ကျင်းပ သွားနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သန်းထိုက်
ဓာတ်ပုံ -သန်းစိုး


