ရန်ကုန် ဒီဇင်ဘာ ၃၁
ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်ရှိ 2025 New Year Countdown Festival ဖျော်ဖြေရေးမဏ္ဍပ်၌ ယနေ့ညနေပိုင်းမှစတင်ကာ နှစ်သစ်ကူးဖျော်ဖြေရေး အစီအစဉ်များအဖြစ် နိုင်ငံကျော်ရုပ်ရှင် သရုပ်ဆောင်များ၊ အဆိုတော်များ၊ DJ တီးခတ်သူများ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အကအဖွဲ့များနှင့် မျိုးဆက်သစ်တေးသံရှင်များစွာတို့က မြူးကြွစွာ သီဆိုဖျော်ဖြေပေးလျက်ရှိရာ ဖျော်ဖြေပွဲပါဝင်ဆင်နွှဲရန် လာရောက်ကြသည့် ပြည်သူများဖြင့် အထူးစည်ကားခဲ့သည်။
ထိုကဲ့သို့ အနုပညာရှင်များ၏ ပရိသတ်အကြိုက်မြူးကြွသော တေးသီချင်းများဖြင့် ဖျော်ဖြေမှုတွင် ပရိသတ်များက ပျော်ရွှင်စွာလိုက်ပါကခုန်သီဆိုကြရင်းဖြင့် နှစ်သစ်ကူးမည့် အချိန်ကာလကို စောင့်ကြိုခဲ့ကြသည်။
နှစ်သစ်ကူးချိန်ကာလ ည ၁၂ နာရီမရောက်မီ နှစ်ကူး Countdown ကို ပွဲတော်လာပြည်သူများက တပျော်တပါးရေတွက်ကြပြီး ည ၁၂ နာရီတိတိတွင် Happy New Year ဟု တညီတညွတ်တည်း သံပြိုင်ရေရွတ်ကာ မီးရှူးမီးပန်းများပစ်ဖောက်၍ နှစ်သစ်ကို ပျော်ရွှင်စွာကြိုဆိုကြသည်။
ထို့ပြင် ပြည်သူ့ရင်ပြင်၌ နှစ်သစ်ကူးပွဲတော် လာရောက်ကြသည့် ပြည်သူများ အဆင်ပြေစွာ ဝယ်ယူစားသောက်နိုင်ရန်အတွက် စားသောက်ဆိုင်များနှင့် အမှတ်တရလက်ဆောင်ပစ္စည်းဆိုင်များအပါအဝင် ဆိုင်ခန်းများဖွင့်လှစ်ရောင်းချပေးလျက်ရှိရာ ဝယ်ယူစားသောက်ကြသူများဖြင့် စည်ကားခဲ့သည်။
ပြည်သူများ နှစ်သစ်ကူး ပွဲတော်သို့ လာရောက်နိုင်ရန် မော်တော်ယာဉ်များဖြင့် အခမဲ့အသွားအပြန် ပို့ဆောင်ပေးသဖြင့် လာရောက်လည်ပတ်သူများသည် ပိုမိုလွယ်ကူအဆင်ပြေချောမွေ့စွာ သွားလာနိုင်ပြီး ပွဲတော်လာရောက် သူ အထူးများပြားခဲ့သည်။
အလားတူ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်၊ ရပ်ကွက်နေအိမ်များနှင့် လမ်းများတွင်လည်း လူငယ်လူရွယ်များသည် တေးသီချင်းများ စုပေါင်းသီဆိုခြင်း၊ အစားအသောက်များ စုပေါင်းချက်ပြုတ်စားသောက် ခြင်းအပါအဝင် နှစ်သက်ရာနှစ်သစ်ကူး အစီအစဉ်များကို ပျော်ရွှင်စွာဆောင်ရွက်ကြရင်းဖြင့် နှစ်သစ်ကိုကြိုဆိုခဲ့ကြကြောင်း သိရသည်။
ဇော်မင်းလတ် -MNA


