နေပြည်တော် ၂ မေ

ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်နေသော ရန်ကုန်မိုးပျံအမြန်လမ်းစီမံကိန်း အပိုင်း(၁)၏ Pre-Bid Conference ကို ယနေ့နံနက် ၉ နာရီတွင် Hilton Hotel နေပြည်တော်၏ Grand Ballroom ခန်းမ၌ ကျင်းပသည်။

 

mdn


အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ ဒုတိယဝန်ကြီး ဦးကျော်လင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ International Finance Corporation (IFC) မှတာဝန်ရှိသူများ၊ စီမံကိန်းအားရင်းနှီးမြှုပ်နှံမည့် အရည်အချင်းပြည့်မီ သောကုမ္ပဏီအစုအဖွဲ့များနှင့် နိုင်ငံတကာငွေကြေးဆိုင်ရာ အဖွဲ့အစည်းများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က အဖွင့်အမှာစကားပြောကြားပြီး တက်ရောက်လာကြသည့် ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီအစုအဖွဲ့အစည်းများနှင့် နိုင်ငံတကာငွေကြေးဆိုင်ရာ အဖွဲ့အစည်းများက ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့အား သက်ဆိုင်ရာအဖွဲ့အလိုက် မိတ်ဆက်ကြသည်။

ထို့နောက် စီမံကိန်းအကြံပေးအဖွဲ့အစည်းဖြစ်သည့် IFC မှ ရန်ကုန်မိုးပျံအမြန်လမ်း စီမံကိန်း အပိုင်း(၁)နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ယင်းနောက် တက်ရောက်လာကြသော ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီအဖွဲ့အစည်းများနှင့် နိုင်ငံတကာငွေကြေးဆိုင်ရာ အဖွဲ့အစည်းက သိလိုသည်များကို မေးမြန်ရာတာဝန်ရှိသူများက ပြန်လည်ဖြေကြားကြသည်။

ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှုကို လျှော့ချနိုင်ရန်အတွက် အဓိကရည်ရွယ် တည်ဆောက်မည်ဖြစ်သောရန် ကုန်မိုးပျံအမြန်လမ်းစီမံကိန်းကို ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်သည်။ အဆိုပါ စီမံကိန်းကို Public Private Partnership (PPP) ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး စုစုပေါင်း အရှည်မှာ ၄၇ ဒသမ ၅ ကီလိုမီတာဖြစ်သည်။ Phase-1 အဖြစ် အရှေ့ဘက်ခြမ်း လေးလမ်းသွားလမ်းမကြီး ၁၉ ကီလိုမီတာ၊ အရှေ့နှင့်အနောက် ချိတ်ဆက်ထားသော လေးလမ်းသွား ၆ ကီလိုမီတာ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ဆက်သွယ်ထားသော နှစ်လမ်းသွား ၂ ဒသမ ၅ ကီလိုမီတာ စုစုပေါင်း ၂၇ ဒသမ ၅ ကီလိုမီတာ အရှည်ရှိသည်။

ယခုအခါ အဆိုပါစီမံကိန်းအတွက် တင်ဒါဝင်ရောက်ယှဉ်ပြိုင်လိုသူများကို ရွေးချယ်ရန် စကာတင်အရည်အသွေးပြည့်မီသည့် လျှောက်လွှာများ Request for Qualification (RFQ) တင်သွင်းစေပြီး လျှောက်လွှာ (၁၂) စောင်ကိုလက်ခံရရှိခဲ့သည်။ ၂၀၁၈ ခုနှစ် နိုဝင်ဘာလတွင် လက်ခံရရှိထားသော လျှောက်လွှာ (၁၂)စောင်အား နိုဝင်ဘာလတွင် စကာတင် အရည်အသွေး ပြည့်မီမှုကိုမူတည်၍ အကဲဖြတ်ခဲ့ရာစီမံကိန်းအတွက် ဝင်ရောက်ယှဉ်ပြိုင်နိုင်သော အကျိုးတူအဖွဲ့အစည်း (၁၀)ခုကို ဒီဇင်ဘာလတွင် စကာတင်ရွေးချယ်ခဲ့သည်။ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် ကြိုတင်အရည်အချင်း ပြည့်မီသည့် တင်ဒါယှဉ်ပြိုင်သူများအတွက် Request for Proposal (RFP) ကို ဆောင်ရွက်ခဲ့သည်။

 

mdn

 

ဆက်လက်ပြီး ၂၀၁၉ ခုနှစ် မေလ (၇)၊ (၈) နှင့် (၉) ရက်နေ့များတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ IFC နှင့် အရည်အချင်းပြည့်မီသည့် တင်ဒါယှဉ်ပြိုင်သူများသည် One on One Meeting များ ဆောင်ရွက်မည်ဖြစ်သည်။ ဇွန်လတွင် တင်ဒါယှဉ်ပြိုင်သူများသည် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စီမံကိန်း အဆိုပြုလွှာကို တင်သွင်းရမည်ဖြစ်ပြီး ဇူလိုင်/ဩဂုတ်လတွင် တင်ဒါအောင်မြင်သည့် ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီကို ထုတ်ပြန်သွားမည်ဖြစ်သည်။

ဤစီမံကိန်းကို ၂၀၂၀ ခုနှစ် ဇူလိုင်လတွင်စတင်၍ တည်ဆောက်ရန် ရည်မှန်းထားပြီး (၃)နှစ်အတွင်း ပြီးစီးနိုင်မည်ဟု ခန့်မှန်းထားသည်။ ဤစီမံကိန်းဆောင်ရွက်ခြင်းအားဖြင့် ရန်ကုန်မြို့တွင်း၌ တွေ့ကြုံနေရသော ယာဉ်ကြောပိတ်ဆို့မှုပြဿနာများကို လျှော့ချပေးနိုင်မည့်အပြင် နိုင်ငံတော်၏ စီးပွားရေးအခွင့်အလမ်းများ ဖွံ့ဖြိုးတိုးတက်ကာ ပြည်သူလူထု၏ လူမှုဘဝလည်း မြင့်မားလာမည်ဖြစ်ကြောင်း သိရှိရသည်။

(သတင်းစဉ်)