နေပြည်တော် ဇူလိုင် ၈
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ ဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန် ဦးညီညီ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်ရှိ ဘုရင့်နောင်တံတားအမှတ်(၁)နှင့် (၂)အောက် မြေဧရိယာ ၁၂ ဒသမ ၅ ဧကပေါ်၌ ပန်းခြံနှင့် အားကစားကွင်းများ ပြုလုပ်ရန် သစ်ပင်ပန်းပင်များ၊ မြက်ပင်များ စိုက်ပျိုးနေမှုနှင့် ရှမ်းချောင်း ရေထိန်းတံခါး ပတ်ဝန်းကျင်သန့်ရှင်းသာယာရေး ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။
ဆက်လက်၍ မြို့တော်ဝန်နှင့်အဖွဲ့သည် ရန်ကုန်-ပုသိမ်လမ်းအတိုင်း သန့်ရှင်းသာယာ သပ်ရပ်ရေး ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လှိုင်သာယာ (အရှေ့ပိုင်း) မြို့ နယ်၊ ၇ ရပ်ကွက်၊ ဗိုလ်အောင်ကျော်လမ်းမှ ဘီအိုစီမီးပွိုင့်အကြား အရိပ်ရပင်များ စိုက်ပျိုး ရန်ပြင်ဆင်နေမှုကို ကြည့်ရှုစစ်ဆေးကာ အရိပ်ရပင်များ ဝင်ရောက်စိုက်ပျိုးပေးသည်။
အဆိုပါ လမ်းတစ်လျှောက်စိန်ပန်း ၇၅ပင်နှင့် ငုဝါ၇၅ပင် စိုက်ပျိုးခဲ့ကြောင်း သိရသည်။
ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် ထိန်ပင် နောက်ဆုံး စွန့်ပစ် အမှိုက်ပုံသို့သွားရောက်ပြီး မြေဆွေးများ သန့်စင်ထုတ်ပိုးနေမှုကို ကြည့်ရှုစစ်ဆေးကာ မြေဆွေးဇကာချထုတ်လုပ်ရာတွင် ပိုမိုလျှင်မြန်စေရေးအတွက် စက်အတွင်းသို့ မြေဆွေးထည့်သွင်းရန် Conveyer Machine တိုးချဲ့တပ်ဆင်ရန်နှင့် Mass Production ထုတ်လုပ်နိုင်ရေးဆောင်ရွက်ရန် မှာကြားသည်။
ယင်းနောက် မြို့တော်ဝန်နှင့်အဖွဲ့သည် ထိန်ပင်နောက်ဆုံးစွန့်ပစ်အမှိုက်ပုံ မြေဧရိ ယာ ဧက(၁၀၀)တွင် ပေါ်ဆန်းဆန်အတွက် ဧက(၅၀)၊ ငါးစိန်ဆန်အတွက် ဧက(၅၀)၊ အုန်းချိုမွှေး အပင် ၂၅၀ ၊ သီးပင်စားပင်များ စိုက်ပျိုးထားရှိမှုနှင့် ဘဲများ မွေးမြူထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


