ရန်ကုန် ၈ မတ်
ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် သင်္ကြန်ပွဲတော်ကို ယနေ့နံနက်က ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းရှိ အဆိုပါ တက္ကသိုလ် ပုရိဝဏ်အတွင်းကျင်းပရာ ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်များ၊ မြန်မာနိုင်ငံဆိုင်ရာ သံရုံးများမှ သံတမန်များက ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးသည်။
ထို့နောက် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် သင်္ကြန်ပွဲတော်ကို ဆရာမများနှင့် ကျောင်းသူများက ယိမ်းအကများဖြင့် ဖျော်ဖြေခြင်း၊ ကျောင်းသား၊ ကျောင်းသူများက သင်္ကြန်တေးသီချင်းများ၊ သံချပ်များဖြင့် ဖျော်ဖြေခြင်း၊ စတုဒိသာများ ကျွေးမွေးခြင်းတို့နှင့်အတူ ရေကစားပွဲတော်ကို ပျော်ရွှင်စွာဆင်နွှဲကြသည်။
ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကြည်ရွှင်က “၂၀၁၇ ခုနှစ်ကနေစတင်ကျင်းပခဲ့တာ အခုဆိုရင် တတိယအကြိမ်ရှိပါပြီ။ ကျောင်းသား၊ ကျောင်းသူတွေ စာသင်နေတဲ့ကာလမှာ ပျော်ရွှင်မှုလေး တွေယူစေ ချင်တဲ့သဘောပါ။ ကျွန်တော်တို့ကျောင်းမှာ ယဉ်ကျေးမှုအပြန်အလှန် ပူးပေါင်းဖလှယ်တဲ့ကဏ္ဍဟာ အင်မတန်အရေးကြီးပါတယ်။ အခုဒီကျောင်းမှာ နိုင်ငံခြားသား ကျောင်းသား၊ ကျောင်းသူတွေလည်း အများကြီးရှိတယ်။ သူတို့တွေလည်း ပါဝင်ဆင်နွှဲကြတဲ့အတွက် ယဉ်ကျေးမှု အပြန်အလှန်ပူးပေါင်းဖလှယ်ကြတဲ့ အခွင့်အရေးရကြတယ်” ဟုပြောသည်။
အဆိုပါ သင်္ကြန်ပွဲတော်ကို ရန်ကုန်နိုင်ငံခြား ဘာသာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ၏ ဦးဆောင်မှုနှင့်အတူ ကျောင်းသားဟောင်းများအသင်း၏ ပံ့ပိုးကူညီမှုဖြင့် ကျင်းပခြင်းဖြစ်ပြီး အဆိုပါတက္ကသိုလ်နှင့် အမြဲတမ်းထိတွေ့မှုရှိနေသည့် အဖွဲ့အစည်းများနှင့် မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာသံရုံးများကို ဖိတ်ကြားကာ မြန်မာ့ယဉ်ကျေးမှုကို ပြသခြင်းဖြင့် ဆက်ဆံရေး ပိုမိုခိုင်မာလာစေရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
အင်္ဂလိပ်မေဂျာမှ မသက်နှင်းဆွေဇင်က “ဒီသင်္ကြန်ပွဲက စာမေးပွဲ မဖြေဆိုခင်တစ်ပတ် အလိုလောက်မှာ လုပ်တာဆိုတော့ ကျောင်းသားတွေအတွက် စာမေးပွဲနဲ့ပတ်သက်တဲ့ စိတ်ဖိစီးမှုတွေ လျော့သွားမယ်လို့ထင်တယ်။ အရင်တုန်းကဆိုရင် မေဂျာမတူရင်မတွေ့ဖြစ်ကြဘူး။ အခုကျတော့ တစ်ကျောင်းလုံးက ကျောင်းသား၊ ကျောင်းသူတွေ တွေ့ဆုံကြရတော့ ခင်မင်ရင်းနှီးမှုတွေ ပိုတိုးလာကြတယ်” ဟုပြောသည်။
ရန်ကုန်နိုင်ငံခြား ဘာသာတက္ကသိုလ်ကျောင်းတွင် ကိုရီးယား၊ ဂျပန်၊ ထိုင်းဘာသာ အပါအဝင် နိုင်ငံခြားဘာသာ ၉ မျိုးကို သင်ကြားပို့ချပေးလျက်ရှိပြီး နိုင်ငံသား ကျောင်းသား၊ ကျောင်းသူ ၃၇၀ဝ ဦးနှင့် နိုင်ငံခြားသား ကျောင်းသား၊ ကျောင်းသူ ၂၀ဝ ဦးခန့် တက်ရောက်လျက်ရှိရာ ဆရာ၊ ဆရာမ ၂၁၆ ဦးတို့က သက်ဆိုင်ရာ ဘာသာရပ်များအလိုက် သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။
သတင်း-ဇော်ကြီး၊ ဓာတ်ပုံ-ဖေဇော်


