ရန်ကုန် ၇ မတ်
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် ရန်ကုန်မြို့တွင် ရောက်ရှိနေသည့် ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Martin Tlapa နှင့်အဖွဲ့အား ယနေ့ မွန်းလွဲ(၁၂)နာရီခွဲတွင် ရန်ကုန်မြို့ ချက်ထရီယမ်ဟိုတယ်၌ နေ့လယ်စာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။
နံနက်ပိုင်းတွင် ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်မြို့ လမ်းမတော်မြို့နယ် မင်းရဲကျော်စွာလမ်းရှိ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ၌ ကျင်းပသည့် မြန်မာနိုင်ငံအတွက် စီးပွားရေး ပြုပြင်ပြောင်းလဲမှုဆိုင်ရာ အကြံပြုဆွေးနွေးပွဲ (Economic Transition : The Czech Experience and its Relevance for Myanmar) အခမ်းအနားသို့ တက်ရောက်သည်။
အခမ်းအနားတွင် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။
ထို့နောက် ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ချက်သမ္မတနိုင်ငံ၏ စီးပွားရေးပြုပြင်ပြောင်းလဲမှု အချိန်ကာလအတွင်း တွေ့ကြုံရသည့် စိန်ခေါ်မှုအခက်အခဲများ၊ ဈေးကွက်စီးပွားရေးစနစ် တီထွင်မှု၊ ယှဉ်ပြိုင်မှုများ၊ ရင်းနှီးမြုပ်နှံသူများအတွက် ပိုမိုဆွဲဆောင်မှုရှိသော အခွင့်အလမ်းများကို မျှဝေကာ မြန်မာနိုင်ငံ၏ စီးပွားရေးပြုပြင်ပြောင်းလဲမှုများ အရှိန်အဟုန်နှင့် ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် စပ်လျဉ်း၍ အကြုံပြုဆွေးနွေးသည်။
ယင်းနောက် တက်ရောက်လာကြသည့် ပြည်တွင်း၊ ပြည်ပမှ စီးပွားရေးလုပ်ငန်းရှင်များက ကုန်သွယ်ရေး၊ ရင်းနှီးမြုပ်နှံမှု မြှင့်တင်ရေးတို့နှင့်စပ်လျဉ်း၍ သိရှိလိုသည့် မေးမြန်းချက်များကို ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက အကြုံပြုဆွေးနွေး ဖြေကြားသည်။
ယနေ့ ကျင်းပသည့် အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ ချက်သမ္မတနိုင်ငံ သံရုံးမှ တာဝန်ရှိသူများ၊ UMFCCI မှ တာဝန်ရှိသူများ၊ ညီနောင်အသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် စိတ်ပါဝင်စားသည့် စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ကြသည်။
(သတင်းစဉ်)


