ရန်ကုန် ၄ မတ်
ကောဇာသက္ကရာဇ် ၁၃၈၀ ပြည့်နှစ် ရန်ကုန်တက္ကသိုလ် သင်္ကြန်အကြိုပွဲတော်ကို ယနေ့နံနက်ပိုင်းက ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာမြက်ခင်းပြင်၌ ကျင်းပခဲ့သည်။
ရန်ကုန်တက္ကသိုလ် သင်္ကြန်အကြိုပွဲတော်ကို ရန်ကုန်တက္ကသိုလ်(လှိုင်နယ်မြေ) ဒုတိယပါမောက္ခချုပ် ဒေါက်တာသောင်းထိုက်နှင့် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်များက ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ပြီး တက္ကသိုလ် ကျောင်းသူလေးများက သင်္ကြန်ယိမ်းအကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။
“ကလေးတွေ စနစ်တကျလုပ်ထားတာ တွေ့ရတယ်။ အဓိကကတော့ ရန်ကုန်တက္ကသိုလ် ကျောင်းသား ကျောင်းသူ အသိုင်းအဝိုင်းပါပဲ။ ဝိဇ္ဇာမြက်ခင်းပြင်မှာ သူတို့ဟာသူတို့ ကြိုးစားပြီးတော့ စည်စည်ကားကား ဖြစ်အောင်လုပ်ထားတယ်။ လှိုင်ဘက်က ကျောင်းသားကျောင်းသူတွေလည်း ဒီဘက်ကိုလာကြတယ်။ ဒီပွဲကတော့ အမှတ်တရတွေပါပဲ” ဟု ဒုတိယပါမောက္ခချုပ် ဒေါက်တာသောင်းထိုက်က ပြောကြားသည်။
ယနေ့ကျင်းပသော ရန်ကုန်တက္ကသိုလ် သင်္ကြန်အကြိုပွဲတော်တွင် ပထမနှစ်မှ နောက်ဆုံးနှစ်အထိ ကျောင်းသားကျောင်သူများက သင်္ကြန်မိုး၊ နွေဦးကဗျာ၊ ချမ်းပါတယ်၊ ချမ်းတုန်ချမ်း၊ သင်္ကြန်ရေ စသော သင်္ကြန်သီချင်းများနှင့်အတူ ယိမ်းအဖွဲ့များက အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။ ထို့ပြင် နိုင်ငံကျော် လူငယ်တေးသံရှင်များကလည်း ရန်ကုန်တက္ကသိုလ် သင်္ကြန်အကြိုပွဲတော်ကို ပါဝင်ဆင်နွှဲခဲ့ကြပြီး ခေတ်ပေါ်တေးဂီတ ဖျော်ဖြေမှုများလည်း ပါဝင်ခဲ့သည်။
ရန်ကုန်တက္ကသိုလ် သင်္ကြန်ပွဲတော် ကျင်းပရေးဗဟိုကော်မတီ အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ကိုအောင်ဟိန်းချိုက “ရန်ကုန်တက္ကသိုလ် ကျောင်းသားကျောင်းသူတွေ စာမေးပွဲမဖြေခင် စိတ်လွတ်ကိုယ်လွတ်နဲ့ပျော်ပြီးတော့ စာမေးပွဲအတွက် အားအင်တွေ ဖြစ်သွားအောင်ရယ်၊ အရင်က ရန်ကုန်တက္ကသိုလ်ရဲ့ ပျော်ရွှင်စရာပုံရိပ်တွေကို ပြန်လည်တမ်းတတဲ့ သဘောအနေနဲ့လည်း ဒီနေ့ပွဲလေးကို ကျင်းပရခြင်းဖြစ်ပါတယ်” ဟု ပြောသည်။
ရန်ကုန်တက္ကသိုလ်၌ ယနေ့ကျင်းပသော သင်္ကြန်အကြိုပွဲတော်သည် တတိယအကြိမ်မြောက် ကျင်းပခြင်းဖြစ်ပြီး ယခုနှစ်တွင် ထူးခြားမှုအနေဖြင့် သံချပ်အဖွဲ့များ ထည့်သွင်းဖျော်ဖြေတင်ဆက်နိုင်ခဲ့သည်။ ကံ့ကော်မျိုးဆက် သံချပ်အဖွဲ့သည် ရန်ကုန်တက္ကသိုလ် ကျောင်းသားကျောင်းသူများဖြင့် ဖွဲ့စည်းထားသော သံချပ်အဖွဲ့ဖြစ်ပြီး ယခုနှစ်မဟာသင်္ကြန်ပွဲတော်တွင် ပါဝင်တင်ဆက်မည်ဖြစ်ကြောင်း သိရသည်။
မိမိချစ်သောသူကို စင့်မြင့်ထက်မှ ရင်ဖွင့်သည့် ချစ်သူ့သဝဏ်လွှာအစီအစဉ်၊ ပျော်ရွှင်စရာ လူငယ်အစီအစဉ်များအပြင် သင်္ကြန်ပွဲတော်၏ အနှစ်သာရဖြစ်သော မုန့်လုံးရေပေါ်၊ မုန့်လက်ဆောင်း၊ ကြာဇံကြော် စသော စတုဒိသာ ကျွေးမွေးမှုများလည်း ပါဝင်ကြောင်း တွေ့ရသည်။
ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - ထိန်လင်း


