ဗလာဒီဗော့စတော့ခ် ဇူလိုင် ၃၀
ရုရှားနိုင်ငံ ကမ်ချတ်ကာကျွန်းဆွယ်ကမ်းလွန် ပင်လယ်ပြင်တွင် ဇူလိုင် ၃၀ ရက်က ပင်လယ်ပြင် အနက် ၂၀ ဒသမ ၇ ကီလိုမီတာကို ဗဟိုပြု၍ ပြင်းအား ၈ ဒသမ ၈ အဆင့်ရှိ အင်အားအလွန်ပြင်းထန် သော ငလျင်လှုပ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း အမေရိကန်ဘူမိဗေဒတိုင်းတာရေးအဖွဲ့က ထုတ်ပြန်ထား သည်။ ယင်းငလျင်မှာ ၁၉၅၂ ခုနှစ်နောက်ပိုင်း အပြင်းထန်ဆုံးငလျင်ဖြစ်ကြောင်း ရုရှားသိပ္ပံ အကယ်ဒမီ၏ ဘူမိရူပဗေဒဆိုင်ရာ ဝန်ဆောင်မှုဌာနခွဲက ထုတ်ပြန်ထားသည်။
ကမ်ချတ်ကာဒေသတွင် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ဖြစ်ပေါ်လာသည့် ဆူနာမီလှိုင်းသည် ရုရှား နိုင်ငံ အရှေ့ဖျားဒေသအနှံ့အပြား ရိုက်ခတ်မှုရှိကြောင်း၊ ဆူနာမီလှိုင်းကြောင့် ကူရီလ်ကျွန်းစု ဆီဗဲရို- ကူရီလ်စ်ခ်မြို့တွင်ရှိသည့် ပင်လယ်စာထုတ်လုပ်ရေးစက်ရုံပျက်စီးသွားသည့် ရုပ်သံဖိုင်ကို ရုရှား သတင်းစာ Izvestia က လူမှုကွန်ရက်တွင် ဖော်ပြထားသည်။ ရုရှားနိုင်ငံပိုင် ရုပ်မြင်သံကြား တစ်ခုတွင် ကမ်ချတ်ကာဒေသ၌ သူငယ်တန်း ကျောင်းဆောင်တစ်ခုပြိုကျနေသည့် ရုပ်သံဖိုင်ကို လည်း ထုတ်လွှင့်ဖော်ပြခဲ့သည်။
ငလျင်လှုပ်ခတ်မှုဖြစ်ပွားပြီးနောက် အလက်စကာ၊ ဟာဝိုင်ယီ၊ ဂူအမ်နှင့် အနောက်ဘက်ကမ်းရိုး တန်းဒေသတို့အပါအဝင် အမေရိကန်ပြည်ထောင်စုတွင် ဆူနာမီသတိပေးချက်များ ထုတ်ပြန်ခဲ့သည်။ ၁ ဒသမ ၇ မီတာရှိ လှိုင်းလုံးကြီးများ ဟာဝိုင်ယီကျွန်းစုကို ရိုက်ခတ်ခဲ့ကြောင်း၊ ဟာဝိုင်ယီတွင် ဆူနာမီသတိပေးချက်များ ဆက်လက်အသက်ဝင်နေဆဲဖြစ်ကြောင်း ပစိဖိတ်ဒေသ ဆူနာမီသတိပေး ရေးစင်တာက ပြောသည်။
ဂျပန်မိုးလေဝသအေဂျင်စီက ဇူလိုင် ၃၀ ရက် ညနေပိုင်းမှစတင်ကာ ဂျပန်နိုင်ငံရှိ ဒေသအားလုံး အတွက် ဆူနာမီသတိပေးချက်များကို အကြံပေးချက်များအဖြစ် ပြင်ဆင်သတ်မှတ်လိုက်ပြီဖြစ်သည်။ သို့သော်လည်း ပြည်သူများအနေဖြင့် အကြံပေးချက်များ မရုပ်သိမ်းမီအထိ သတိထားနေထိုင်ကြရန် တာဝန်ရှိသူများက ပြောသည်။ အစိုးရတာဝန်ရှိသူများ၏ ထုတ်ပြန်ချက်အရ ဒေသ ၂၂၉ ခုမှ လူပေါင်း နှစ်သန်းကျော်ကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့ကြရန် တိုက်တွန်းထားသည်။
ထို့အပြင် အာဏာပိုင်များက ပင်လယ်နှင့် ဝေးရာတွင် နေထိုင်ကြရန်၊ ပိုမိုမြင့်မားသော နေရာများသို့ ပြောင်းရွှေ့နေထိုင်ကြရန် ပြည်သူများကို တောင်းဆိုထားသည်။ ဆူနာမီသတိပေးချက်များကြောင့် ရထားနှင့် လေကြောင်းခရီးစဉ်များ နှောင့်နှေးကြန့်ကြာမှုဖြစ်ပေါ်ခဲ့သည်။
အင်န်အိတ်ချ်ကေ၊ ဆင်ဟွာ


