ဇူလိုင် ၃၁

ရုရှားနိုင်ငံ ကမ်ချတ်ကာကျွန်းဆွယ်ပင်လယ်ပြင်တွင် ယမန်နေ့က ပြင်းအား ၈ ဒသမ ၈ ပမာဏရှိငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ရုရှားအာဏာပိုင်များက ဆူနာမီသတိပေးချက် ရုပ်သိမ်းကြောင်း ကမ်ချတ်ကာကျွန်းဆွယ် အရေးပေါ်အခြေအနေဆိုင်ရာဝန်ကြီး ဆာဂျေးလီဘီဒေ့ဗ်က လူမှုမီဒီယာတွင် ထုတ်ပြန်ကြေညာထားသည်။

အဆိုပါငလျင်သည် ၁၉၅၂ ခုနှစ်နောက်ပိုင်းအပြင်းထန်ဆုံးငလျင်ဖြစ်ကြောင်း ရုရှားသိပ္ပံအကယ်ဒမီ၏ ဘူမိရူပဗေဒဆိုင်ရာဝန်ဆောင်မှုဌာနခွဲ၏ပြောကြားချက်အရ သိရသည်။ ဒေသအာဏာပိုင်များက ပင်လယ်အော်တစ်လျှောက် ကမ်းရိုးတန်းဒေသများအတွက် ဆူနာမီသတိပေးချက် ထုတ်ပြန်ခဲ့သည်။

ကမ်ချတ်ကာကျွန်းဆွယ်နှင့် ယီလီဇိုစကီခရိုင်ကမ်းရိုးတန်းတစ်လျှောက်တွင် လှိုင်းလုံးကြီးများ ၃ မှ ၄ မီတာအမြင့်ရှိကာ ဆူနာမီဖြစ်ပေါ်ခဲ့ကြောင်း ဒေသဆိုင်ရာ အရေးပေါ်တာဝန်ရှိသူများက ပြောကြားသည်။ လျှပ်စစ်ဓာတ်အားပြတ်တောက်မှု၊ မော်တော်ယာဉ်များ ပြင်းထန်စွာတုန်ခါမှုနှင့် အင်တာနက်အသုံးပြုမှု နှေးကွေးခြင်းတို့လည်း ဖြစ်ပေါ်ခဲ့သည်။

ယင်းဒေသတွင်းမြို့တော် ပီထရိုပါလိုဗာ့-ကမ်ချတ်စကီတွင် အရေးပေါ်အခြေအနေကြေညာခဲ့သည်။ ထိုငလျင်ကြောင့် ဒေသတွင်း မူလတန်းကျောင်း နံရံပြိုကျခဲ့ကြောင်း မြို့တော်ဝန် ယိဂန်နီဘီလ်ယေ့ဗ်က လူမှုမီဒီယာတွင် ပြောကြားသည်။ငလျင်လှုပ်ခတ်မှုဖြစ်ပွားပြီးနောက်တွင် ဒေသခံအများအပြား ထိခိုက်ဒဏ်ရာများရရှိပြီး ဆေးကုသမှု ခံယူခဲ့ကြသည်ဟု ဒေသဆိုင်ရာ ကျန်းမာရေး အာဏာပိုင်များက ပြောကြားသည်။

မြို့တော်တာဝန်ရှိသူများကလတ်တစ်လောတွင် လူနေအဆောက်အအုံများအပါအဝင် အဆောက်အအုံများ ပျက်စီးဆုံးရှုံးမှုပမာဏကိုဆုံးဖြတ်ရန် စစ်ဆေးမှုများလုပ်ဆောင်လျက်ရှိသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို