သာစည်   ၈  မေ

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက စိုက်ပျိုးရေးဦးစီးဌာနနှင့် ပူးပေါင်း၍ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP)သင်တန်းဖွင့်ပွဲကို မေ ၇ ရက်က အင်းကုန်းကျေးရွာ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

သင်တန်းတွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစံထွန်းက အမှာစကား ပြောကြားပြီး ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူးက စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP)သင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

သင်တန်းတွင် စပါးနှင့် ပဲစိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ အလေ့အထကောင်းများနှင့် စပ်လျဉ်း၍ အဓိကထား သင်ကြားမည်ဖြစ်ပြီး အီးအမ်ဘိုကာရှီ သဘာဝမြေဆွေး ပြုလုပ်နည်းကိုပါ လက်တွေ့သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်းသို့ အင်းကုန်းကျေးရွာမှ တောင်သူ ၇၀ ဦးခန့် တက်ရောက်ခဲ့ပြီး သင်တန်းပြီးပါက လက်တွေ့ပြန်လည် အသုံးချနိုင်သည့် ဘေးကင်းလုံခြုံစိတ်ချရသော စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ ရရှိလာမည်ဖြစ်ကြောင်း သိရသည်။

မင်းမြင့်မိုရ်(ငါန်းဇွန်)