သာစည်  ၂   မတ် 

 

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်အတွင်းရှိ  သောက်သုံးရေရှားပါးခက်ခဲသည့် ရပ်ကွက်ကျေးရွာများသို့မတ်လ ၂ နံနက် ၈ နာရီအချိန်က သောက်သုံးရေများကို ရေသယ်ယာဉ်များဖြင့် ဇေယျာသုခရေလှူအသင်းမှ လှူဒါန်းခဲ့ကြောင်း အဆိုပါ ရေလှူအသင်းအတွင်းရေးမှူး ဦးမြင့်ဆွေထံမှ သိရသည်။

 

သာစည်မြို့နယ်အတွင်းက နှစ်စဉ် နွေရာသီကာလရောက်တိုင်း သောက်သုံးရေရှားပါးခက်ခဲတဲ့ ကန်စွယ်၊ အမှတ်(၁)တိုးချဲ့ ၊ အမှတ် ( ၄ ) ထိန်ကန်၊ အမှတ် (၅) မီးရထား  ရပ်ကွက်ကျေးရွာ ၄ နေရာကို ရေသယ်ယာဉ် ၄ စီးနဲ့  သွားရောက်ပြီး ဇေယျသုခ ရေလှူအသင်းအနေနဲ့ သောက်သုံးရေလှူဒါန်းတာဖြစ်ပါတယ်။ ဇေယျသုခ ရေလှူအသင်းအနေနဲ့ သောက်သုံးရေရှားပါးတဲ့ ရပ်ကွက်ကျေးရွာတွေကို သောက်သုံးရေလှူဒါန်းနိုင်ဖို့ရည်ရွယ်ပြီး ၂၀၁၆ မှာ အသင်းစတင်တည်ထောင်ခဲ့ပါတယ်။

 

မြို့ပေါ်ရပ်ကွက်တစ်ချို့နဲ့ ကျေးရွာပေါင်း ၃၀ ကျော်ကို နွေရာသီကာလရောက်တိုင်း နှစ်စဉ် ရေဂါလန် နှစ်သိန်းငါးသောင်းခန့် လှူဒါန်းပေးနေပါတယ်။  သောက်သုံးရေရှားပါးတဲ့ ရပ်ကွက်ကျေးရွာတွေကို ရေလှူဒါန်းတဲ့အပြင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မြို့ပေါ်က မီးသတ်ရေကန်တွေမှာ ရေဂါလန် သုံးသောင်းခြောက်ထောင်ကိုလည်း နှစ်စဉ်ဖြည့်ဆည်းပေးတာမျိုး၊ မီးဘေးအန္တရာယ်ပေါ်ပေါက်ရင် မီးသတ်ဦးစီးဌာနနဲ့ပူးပေါင်းပြီး အသင်းပိုင်ရေသယ်ယာဉ်တွေ
နဲ့  မီးငြိမ်းသတ်ရေ လိုက်လံဖြည့်ဆည်းပေးတာမျိုးလည်းဆောင်ရွက်ပေးပါတယ်။ သာစည်မှာ နွေရာသီသောက်သုံးရေ ရှားပါးတဲ့ကျေးရွာအရေအတွက်က အရင်က ရွာ ၃၀ လောက်ရှိခဲ့ပေမယ့် အခုတော့ တော်တော်များများ သောက်သုံးရေတွင်းတူးလို့ ရေရတာကြောင့်အဆင်ပြေသွားပြီ။ ကန်စွယ်၊ အုတ်ဖို၊ ဆင်သေ၊ ကြာဖက်ကုန်း၊ ကန်ကြီးအောက်၊ မင်းကုန်း၊ ကျောက်ပြားတောင်၊ ကျီတိုင်ကုန်း၊ ရွာပုလဲလေး၊ ရွာပုလဲကြီး ကျေးရွာတွေလောက်ပဲ သောက်သုံးရေရှားပါးတာမျိုးရှိတယ်။ အဲဒီရွာတွေနဲ့ မြို့ပေါ်ရပ်ကွက်တစ်ချို့ကို ဇေယျာသုခရေလှူအသင်းအနေနဲ့ သောက်သုံးရေ ပေးပို့လှူဒါန်းနေပြီး ဒီနေ့ရေလှူဒါန်းတာ ဒီနှစ်နွေရာသီကာလအတွက် ပထမဆုံးသောက်သုံးရေစတင်လှူဒါန်းတာဖြစ်ပါတယ်ဟု  ဇေယျာသုခရေလှူရှင်အသင်း အတွင်းရေးမှူး ဦးမြင့်ဆွေက ပြောသည်။

 

သာစည်မြို့နယ်အတွင်းရှိ နွေရာသီကာလသောက်သုံးရေရှားပါးသည့် ရပ်ကွက်ကျေးရွာများသို့ နှစ်စဉ်သောက်သုံးရေလှူဒါန်းနေသည့် ဇေယျာသုခရေလှူရှင်အသင်းတွင် ကြည်သာအေးမြအဖွဲ့၊ ကြက်ခြေနီ၊ သွေးလှူရှင်အဖွဲ့၊ မြွဆေိပ်ဖြေဆေးအဖွဲ့ ၊ အောက်စီဂျင်အဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့်ပရဟိတလုပ်ငန်းဝါသနာပါသူ ဒေသခံလူငယ်များ ပါဝင်ဆောင်ရွက်နေပြီး ဂါလန်  ၃၂၀ဝဆံ့ ရေသယ်ယာဉ်တစ်စီး၊ ဂါလန် ၁၈၀ဝဆံ့ ရေသယ်ယာဉ်တစ်စီးနှင့်  တခြားရေသယ်ယာဉ်နှစ်စီး စုစုပေါင်း ရေသယ်ယာဉ် ၄ စီးဖြင့် ရေလှူဒါန်းလျက်ရှိကြောင်း သိရသည်။ 

 

ချမ်းသာ(မိတ္ထီလာ)