နေပြည်တော် ၆ မေ

 


ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် မိုးညိုမြို့နယ်၊ အုတ်ဖိုမြို့နယ်နှင့် ကြို့ပင်ကောက်မြို့နယ်တို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်နှင့် အဆောက်အဉီအချို့ ပျက်စီးခဲ့ကြောင်း သိရသည်။

 

ooi

 


သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် မေ ၅ ရက် မွန်းလွဲ ၁ နာရီခွဲခန့်က လေပြင်းတိုက်ခတ်မှုကြောင့် မြို့ပေါ်(၅)ရပ်ကွက်၊ ကျေးရွာအုပ်စု(၁၃)စု၊ ကျေးရွာပေါင်း (၄၃)ရွာတွင် အမိုးအကာ တစိတ်တပိုင်းပျက်စီးကာ နေအိမ် (၃၁၄)လုံး၊ စာသင်ကျောင်း (၄)ကျောင်း၊ ဘုန်းကြီးကျောင်း (၄)ကျောင်း ထိခိုက်ပျက်စီးသွားခဲ့သည်။ လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဒဏ်ခံရသူများအား မြို့နယ်သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီနှင့် ဌာနဆိုင်ရာများ၊ NGO အဖွဲ့များပူးပေါင်း၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

rty

 


အလားတူ အုတ်ဖိုမြို့နယ်တွင်လည်း မေ ၅ ရက် ညနေ ၄ နာရီခန့်က လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်နှင့် ဘာသာရေးအဆောက်အဦများ အမိုးလန် ပြိုလဲပျက်စီးမှု ဖြစ်ပွားခဲ့ပြီး ကျေးရွာအုပ်စု (၁၆)အုပ်စုရှိ အိမ်ခြေ (၁၂၃)လုံးနှင့် ဘာသာရေးအဆောက်အဦ (၂)လုံး အမိုးလန်ပျက်စီးကာ အိမ်ခြေ(၁၃)လုံး ပြိုလဲခဲ့ကြောင်း၊ အဆိုပါ လေဘေးသင့်အိမ်ထောင်စုများအား မြို့နယ်သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီနှင့် သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့များ၊ ရပ်မိရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆွေမျိုးသားချင်းများမှ လေဘေးသင့်မိသားစုများ၏ နေထိုင်စားသောက်ရေးအတွက် ကူညီဆောင်ရွက်ပေးလျက်ရှိပြီး လူနှင့်တိရစ္ဆာန် ထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။

 

jk

 

ထို့အတူ ကြို့ပင်ကောက်မြို့နယ်တွင် မေ ၅ ရက် ညနေ ၅ နာရီ မိနစ် ၅၀ ခန့်က လေပြင်းတိုက်ခတ်မှုကြောင့် ဘုန်းတော်ကြီးကျောင်း (၁)ကျောင်းနှင့် လူနေအိမ် ၆၆ လုံး အမိုးလန်မှုဖြစ်ပွားခဲ့ပြီး နေအိမ်တစ်လုံး ပြိုလဲခဲ့ကြောင်း၊ လေးဘေးသင့်ပြည်သူ (၂၇၁)ဦးအား နီးစပ်ရာဆွေမျိုးများ၏ နေအိမ်များတွင် ယာယီပြောင်းရွေ့ နေထိုင်နိုင်ရန် စီစဉ်ပေးထားပြီး လူနှင့်တိရစ္ဆာန်များ ထိခိုက်ဆုံးရှုံးမှုမရှိကြောင်း သိရသည်။

 


သတင်း- ဇေယျာထွန်း(ကြို့ပင်ကောက်)၊ ပြန်/ဆက်
ဓာတ်ပုံ- ဌေးနိုင်ဦး၊ ပြန်/ဆက်