စစ်ကိုင်း  ၈  မတ်     


စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ တွင်းမအင်း၊ တွင်းတောင်အင်း၊ တောင်ပြောက်အင်းနှင့် ရေခါးအင်းတို့မှ သဘာဝအလျောက်ထွက်ရှိသည့် စိမ်းပြာရေညှိ (Spirulina)များသည် ယခုနောက်ပိုင်းတွင် သဘာဝအလျောက် ထွက်ရှိမှုနည်းပါးလာသည့်အတွက် ရေကန်များနှင့် မွေးမြူကာ အဓိကထုတ်လုပ်နေရကြောင်း စစ်ကိုင်း၊ ဇွန်ဆေးဝါးနှင့် စားသောက်ကုန်ထုတ်လုပ်ရေးလီမိတက်၊ အမှတ် (၃) ဆေးဝါးစက်ရုံ (စစ်ကိုင်း)မှ သိရသည်။


တွင်းမအင်း၊ တွင်းတောင်အင်း၊ တောင်ပြောက်အင်း နှင့် ရေခါးအင်းတို့အနက် တွင်းတောင်အင်းမှာ ရေချိုစိမ့်ဝင်မှုကြောင့် စိမ်းပြာရေညှိ (Spirulina) မထွက်ရှိတော့ကြောင်းနှင့် တောင်ပြောက်အင်းမှလည်း စတင်ထုတ်ယူစဉ်ခါကတည်းက ထွက်ရှိမှုနည်းပါးသဖြင့် တွင်းမ အင်းနှင့် ရေခါးအင်းတို့မှ အဓိကထားထုတ်ယူလျက်ရှိရာမှ ယခုအခါတွင် အဆိုပါ အင်းနှစ်အင်းမှလည်း ထွက်ရှိမှုနည်းပါးလာသဖြင့် ယခုအခါတွင် ၎င်း အင်းများ၏ ရေများကို ရေကန်အတွင်းထည့်၍ မွေးမြူကာ စိမ်းပြာရေညှိ (Spirulina)များကို ထုတ်လုပ်နေရကြောင်း စစ်ကိုင်း၊ဇွန်ဆေးဝါးနှင့်စားသောက်ကုန်ထုတ်လုပ်ရေးလီမိတက်၊အမှတ် (၃) ဆေးဝါးစက်ရုံ (စစ်ကိုင်း)မှ ဒါရိုက်တာ ဦးဆန်းထွန်းအောင်က ပြောသည်။


''လွန်ခဲ့တဲ့ ၇ နှစ်ကျော်လောက်က တွင်းတောင်အင်းဟာ အများဆုံးထုတ်လုပ်နိုင်တဲ့ အင်းဖြစ်တယ်။ စိမ်းပြာရေညှိ (Spirulina) နဲ့ ပတ်သက်လို့ အရည်အသွေးအရ အမြင့်ဆုံးအင်းဖြစ်တယ် ဒါပေမဲ့ သူကတော့ ဂေဟဗေဒစနစ်ပျက်ပြီး တွင်းတောင်အင်းဟာ ခုချိန်မှာ ရေညှိမထုတ်လုပ်နိုင်ဘဲ မျိုးထိန်းထားတဲ့  အခြေအနေပဲ ရှိတယ်။တွင်းမအင်းနဲ့ ရေခါးအင်း ကတော့ ခုချိန်ထိ ထုတ်လုပ်နေတဲ့ အင်းဖြစ်တယ်။တောင်ပြောက်အင်းက ဆားပါဝင်မှု အလွန်နည်းတဲ့ အတွက် နဂိုကတည်းကရေညှိ အထွက်နည်းတယ် ပုံမှန်အတိုင်းလေးပဲ သွားနေတယ်။ စခန်းတည်ထားပြီး ပေါ်သမျှ ရေညှိကို ခပ်နေတယ်၊အင်း တွေမှာ တဖြည်းဖြည်းဂေဟာစနစ်ပျက်စီးလာတဲ့ အတွက် ရေညှိထွက်နှုန်းတွေ လျော့ကျလာတယ်။အဲဒါကြောင့်  သဘာဝကို သိပ်အားကိုးလို့ မရတော့ Artificial (သို့ ) ရေညှိမွေးတဲ့ ကန်တွေ  အင်းပတ်ပတ်လည်မှာ ကန်တွေကိုဆောက်ပြီး မွေးမြူ ထုတ်လုပ်နေရတယ်"ဟု ၎င်းကပြောသည်။


ကနီမြို့နယ်ရှိ တွင်းမအင်း၊ တောင်ပြောက်အင်းနှင့် ဘုတလင်မြို့နယ်ရှိ တွင်းတောင်အင်းတို့မှာ မီးတောင်ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသည့် သဘာဝအင်းများဖြစ်ပြီး စစ်ကိုင်းမြို့နယ် ရှိ ရေခါးအင်းမှာ ပြတ်ရွေ့ကြောကြောင့် ဖြစ်ပေါ်လာသည့် သဘာဝအင်း ဖြစ်ကြောင်း၊ဘုတလင်မြို့ရှိ တွင်းတောင်အင်းကို  ၁၉၈၄ ခုနှစ်က စတင်တွေ့ရှိသုတေသနလုပ်ခဲ့ပြီး ၁၉၈၈ ခုနှစ်တွင် စိမ်းပြာရေညှိ (Spirulina) ကို စတင်ထုတ်ခဲ့ရာ ၂၀၁၃ ခုနှစ်တွင် ဘုတလင်မြစ်ရေတင် စီမံကိန်းမှ ရေချိုအလုံးအရင်းစိမ့်ဝင်ပြီး ပျက်စီးခဲ့ကြောင်း၊ကနီမြို့နယ်ရှိ တွင်းမအင်း၊ တောင်ပြောက်အင်း၊ စစ်ကိုင်းမြို့နယ်ရှိ  ရေခါးအင်းတို့ကို ၁၉၉၃ ခုနှစ်တွင် စတင်တွေ့ရှိ ထုတ်လုပ်ခဲ့ရာ လက်ရှိအချိန်အထိ ထုတ်လုပ်လျက်ရှိကြောင်း စစ်ကိုင်း၊ဇွန်ဆေးဝါးနှင့်စားသောက်ကုန်ထုတ်လုပ်ရေးလီမိတက်၊ အမှတ် (၃) ဆေးဝါးစက်ရုံ (စစ်ကိုင်း)မှ သိရသည်။


''သဘာဝအင်းတွေမှာ ထုတ်လုပ်နိုင်ဖို့ဆိုတာ သူ ရဲ့ ရာသီချိန်တွေ ရှိတယ်။ ၄၅ ရက် သို့မဟုတ် ရက် ၆၀ ကြားပဲ ရေညှိထုတ်လုပ်မှု ရာသီချိန်ဆိုတာပဲရှိတာ၊ အဲအချိန်မှာပဲ ပေါ်လာတဲ့ သဘာဝကရေညှိကို ကျွန်တော်တို့ ထုတ်ရတယ်။ အဓိကထား ထုတ်ယူနေရတဲ့ တွင်းမအင်းဟာဆိုလည်း ခုနောက်ပိုင်း ခရီးသွားလာမှု များတဲ့ အခါမှာ ရေညှိအရ နည်းသွားတယ်။ရေခါးအင်းကလည်း သဘာဝပတ်ဝန်ကျင်း ပျက်စီးမှုကြောင့် ရေညှိအထွက်နှုန်းလျော့ခဲ့ တယ် "ဟု စစ်ကိုင်း၊ ဇွန်ဆေးဝါးနှင့်စားသောက်ကုန်ထုတ်လုပ်ရေး လီမိတက်၊ အမှတ် (၃) ဆေးဝါးစက်ရုံ (စစ်ကိုင်း)မှ ဒါရိုက်တာ ဦးဆန်းထွန်းအောင်က ပြောသည်။


စစ်ကိုင်းမြို့နယ် ရှိ ရေခါးအင်းနှင့် ကနီမြို့နယ်ရှိ တွင်းမအင်းတို့မှာ ယခင်နှစ်များက တစ်နှစ်လျှင် ရေညှိတန်ချိန်  ၁၀ တန်ထွက်ရှိရာမှ ပြီးခဲ့သည့် သုံးနှစ်ခန့်မှ  စတင်၍ တစ်နှစ်လျှင် သုံးတန်ချိန်ခန့်သာ ထွက်ရှိတော့ကြောင်း၊ယင်းကဲ့သို့ ရေညှိအထွက်နှုန်း လျော့ကျလာမှုများကြောင့် အဆိုပါ အင်းများ၏ ဘေးပတ်ဝန်းကျင်း နှင့်စစ်ကိုင်း၊ဇွန်ဆေးဝါးနှင့်စားသောက်ကုန်ထုတ်လုပ်ရေးလီမိတက်၊အမှတ် (၃) ဆေးဝါးစက်ရုံ (စစ်ကိုင်း) တို့တွင် ရေကန်များ တည်ဆောက်၍ ရေညှိများကို မွေးမြူကာ ထုတ်လုပ်လျက်ရှိကြောင်း၊ သဘာဝအင်းများနှင့် မွေးမြူရေး ရေကန်များမှ တနှစ်လျှင် ရေညှိတန်ချိန် ၇၀ ခန့်  ထုတ်ယူ၍ လူသုံးကုန်ပစ္စည်း၊ စားသောက်ကုန်ပစ္စည်းများ၊ ဇီဝမြေသြဇာနှင့် တိရစ္ဆာန်အစားအစာများကို ထုတ်လုပ်ကာ ပြည်တွင်း၊ ပြည်ပကို ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရသည်။


သဘာဝအလျောက်ထွက်ရှိသည့် စိမ်းပြာရေညှိ (Spirulina)ကို ကမ္ဘာပေါ်တွင် မက္ကဆီကိုနိုင်ငံ၊တောင်အာဖရိက နှင့် မြန်မာနိုင်ငံတွင်သာ ထွက်ရှိပြီး ယခုအခါတွင် မက္ကဆီကို၊တောင်အာဖရိက၊ မြန်မာနိုင်ငံရှိ စိမ်းပြာရေညှိ (Spirulina) ထွက်ရှိသည့် အင်းမအချို့တို့မှာ လူ့ပယောဂနှင့် ရာသီဥတုအခြေအနေများကြောင့် ဂေဟစနစ်ပျက်ယွင်းကာ စိမ်းပြာရေညှိထွက်နှုန်းလျော့ကျခြင်း၊ မထွက်ရှိတော့ခြင်းများ ကြုံတွေ့နေရကြောင်း၊ ကျန်ရှိ ဂေဟစနစ်မပျက်စီးသေးဘဲ စိမ်းပြာရေညှိ (Spirulina) ထွက်ရှိနေသော အင်းများကို အားလုံးဝိုင်းဝန်းထိန်းသိမ်းရန်လိုအပ်ကြောင်း  စစ်ကိုင်း၊ ဇွန်ဆေးဝါးနှင့် စားသောက်ကုန်ထုတ်လုပ်ရေး လီမိတက်၊ အမှတ် (၃)ဆေးဝါးစက်ရုံ(စစ်ကိုင်း)မှ မန်နေးဂျင်းဒါရိုက်တာ ဒေါက်တာမေယုခိုင်က ပြောသည်။


ကိုမင်း(အင်းတော်)

 

FB_IMG