မန္တလေး ၈ မေ

    
သဘာဝသစ်ရွက်များဖြင့် တစ်ခါသုံး ပန်းကန်ပြားများ ထုတ်လုပ်ရန် ဆောင်ရွက်နေကြောင်း A Grace Hydraulic Pressing Machine စက်ထုတ်လုပ်ရောင်းဝယ်ရေးမှ စွန့်ဦးတီထွင်သူ ဦးကျော်မိုးက ပြောသည်။


ဦးကျော်မိုးသည် သဘာဝကွမ်းဖက်များဖြင့် တစ်ခါသုံး လူသုံးကုန်ပစ္စည်းများ စတင်တီထွင် ထုတ်လုပ်ခဲ့သူဖြစ်ပြီး ယခုအခါ သဘာဝသစ်ရွက်များဖြင့် တစ်ခါသုံးခွက်များ ထုတ်လုပ်ရန် စီစဉ်နေခြင်း ဖြစ်သည်။


‘အဓိကရည်ရွယ်ချက်ကတော့ ကွမ်းဖက်ကုန်ကြမ်းတွေ ပြတ်လပ်သွားတဲ့အခါ၊ ကွမ်းဖက်တွေက ကြွေတဲ့ရာသီ၊ မကြွေတဲ့ရာသီ ရှိတယ်။ အဲရာသီတွေကြားမှာ ဒါကိုအစားထိုးပြီး ဆောင်ရွက်မယ်’ဟု A Grace Hydraulic Pressing Machine စက်ထုတ်လုပ်ရောင်းဝယ်ရေးမှ စွန့်ဦးတီထွင်သူ ဦးကျော်မိုးက ပြောသည်။


သစ်ရွက်ဆိုဒ်မျိုးစုံဖြင့် တစ်ခါသုံးပန်းကန်များကို မကြာခင်မှာ ထုတ်လုပ်သွားမည်ဖြစ်ပြီး အလှူ၊ မင်္ဂလာဆောင်၊ စတုဒီသာ ကျွေးမွေးခြင်းများတွင် အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။ ပလပ်စတစ် တစ်ခါသုံးခွက်များ သုံးခြင်းထက် သစ်ရွက်ဖြင့် ပြုလုပ်ထားသည့် တစ်ခါသုံးခွက်များကို အသုံးပြုခြင်းဖြင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရာရောက်ခြင်း၊ ကျန်းမာရေးနှင့်ညီညွတ်ခြင်း စသည့် အကျိုးများရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။


အဆိုပါ သစ်ရွက်ဖြင့် ပြုလုပ်ထားသည့် တစ်ခါသုံးခွက်များကို ဈေးနှုန်းချိုသာစွာဖြင့် တစ်ခွက်ကို ၅၀ ကျပ် ဝန်းကျင်ခန့်ဖြင့် ရောင်းချမည်ဟု ဆိုသည်။


အိမို့မို့ခိုင်