ရန်ကုန်   အောက်တိုဘာ   ၁၅

China  Media  Group  နှင့်   ရန်ကုန်တရုတ် ယဉ်ကျေးမှုစင်တာတို့က    ကြီးမှူးကျင်းပသည့် တရုတ်ပြည်တွင်းထုတ်   မှတ်တမ်းရုပ်ရှင်ဖြစ်သည့် စန့်ကျိုး-13 “Shen Zhou 13” ရုပ်ရှင်ပြပွဲကို ယနေ့ ညနေပိုင်းတွင် ရန်ကုန်မြို့  အလုံမြို့နယ်ရှိ ရန်ကုန် တရုတ်ယဉ်ကျေးမှုစင်တာ၌ ကျင်းပသည်။

အဆိုပါရုပ်ရှင်ကို ကမ္ဘာပတ်လမ်းကြောင်းတွင် ပထမဆုံးအကြိမ် ခြောက်လတာ  တာဝန်ထမ်းဆောင်ခဲ့သည့်   အာကာသ ယာဉ်မှူးတစ်ဦး၏   ရှုထောင့်မှ အခြေခံရိုက်ကူးထားပြီး   အာကာသယာဉ်မှူးတို့၏ အာကာသအတွင်း နေထိုင်မှုဘဝပုံစံ၊ ကီလိုမီတာ  ၄၀၀ အကွာ   ကမ္ဘာပတ်လမ်းကြောင်း၏   ခမ်းနားထည်ဝါမှု၊ ကမ္ဘာဂြိုဟ်အား အနီးကပ်ဖြတ်သန်းသွားကာ ပင်လယ်နှင့် ကောင်းကင်၏ ရှုခင်းများကို လက်ဖြင့် ထိမိခံစားနိုင်သကဲ့သို့ခံစားစေပြီး အာကာသ၏ မြင်ကွင်းကို  စိမ့်ဝင်ခံစားစေရန် ရိုက်ကူးထားသော အာကာသဆိုင်ရာ ဗဟုသုတပညာပေးရုပ်ရှင်ကား ဖြစ်သည်။

“ဒီရုပ်ရှင်ဟာ  အာကာသကမ္ဘာမြေနဲ့ အာကာသယာဉ်မှူးတွေ    အာကာသမှာ   နေထိုင်မှုပုံစံတွေကို ဗဟုသုတအဖြစ်ပြသတဲ့ မှတ်တမ်းရုပ်ရှင်ဖြစ်ပါတယ်။ လက်ရှိတရုတ်နိုင်ငံရုပ်ရှင်ရုံတွေမှာ ပြသလျက်ရှိပြီး လူကြိုက်များ  ရေပန်းစားနေတဲ့   နောက်ဆုံးထွက်ရှိ ထားတဲ့     ရုပ်ရှင်ကားတွေထဲက   တစ်ကားဖြစ်ပါတယ်။   လူငယ်တွေ၊   ကျောင်းသား  ကျောင်းသူတွေ မိဘတွေက အလွန်စိတ်ဝင်စားဖို့ကောင်းတဲ့ ပညာပေးရုပ်ရှင်လို့ မှတ်ချက်ပေးထားပါတယ်၊  မတူညီတဲ့ နိုင်ငံအသီးသီးက    ကျောင်းသား   ကျောင်းသူတွေ အာကာသအသိပညာကို အတူတူလေ့လာပြီး သိပ္ပံနည်းပညာရဲ့ စွမ်းအားတွေကို    သိရှိနားလည်စေဖို့ ရည်ရွယ်ပါတယ်၊    ရုပ်ရှင်အနုပညာကို   ခံစားပြီး ဖန်သားပြင် ပိတ်ကားကတစ်ဆင့်     တရုတ်နိုင်ငံအကြောင်းကို    ပိုမိုသိရှိလေ့လာနိုင်မှာဖြစ်ပါတယ်” ဟု China Media Group မှ Ms. Zhang Xiaoning က ပြောသည်။

ယနေ့ပြသခဲ့သည့်   စန့်ကျို  13 ရုပ်ရှင်သည် ၂၀၂၅ခုနှစ် အောက်တိုဘာလအတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ ကြည့်ရှုသူများပြားခဲ့ပြီး အဆိုပါရုပ်ရှင်၏ ဝင်ငွေမှာ ယွမ်ငွေ ၄၅ သန်းကျော် ရရှိခဲ့ကြောင်း သိရသည်။

ရုပ်ရှင်ပြပွဲသို့ ပေါ်ဝန်(Bowen Chinese School) တရုတ်ဘာသာစကား သင်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများ၊ လူမှုအဖွဲ့အစည်းများမှ ဖိတ်ကြားထားသူများ လာရောက်ကြည့်ရှုအားပေးကြသည်။                                                

သတင်းစဉ်