ဩဂုတ် ၁၄

သီရိလင်္ကာနိုင်ငံတွင် ဇူလိုင်လအတွင်း ခရီးသွားလုပ်ငန်းမှ အမေရိကန်ဒေါ်လာ ၂၁၉ သန်းဝင်ငွေရရှိကြောင်း သီရိလင်္ကာနိုင်ငံ ဗဟိုဘဏ်၏အချက်အလက်ကိုကိုးကားပြီး ခရီးသွားလုပ်ငန်းထိပ်တန်းတာဝန်ရှိသူတစ်ဦးက ယနေ့တွင် ပြောကြားခဲ့သည်။

လွန်ခဲ့သောလက သီရိလင်္ကာနိုင်ငံသို့ ခရီးသွား ၁၄၃၀၃၉ ဦး ဝင်ရောက်ခဲ့ကြောင်း၊ ယခင်နှစ်က နိုင်ငံအတွင်းသို့ ခရီးသွား ၄၇၂၉၃ ဦးဝင်ရောက်ခဲ့ပြီး ခရီးသွားလုပ်ငန်းမှ ဒေါ်လာ ၈၅ သန်းခန့်ဝင်ငွေရရှိကြောင်း သီရိလင်္ကာခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအာဏာပိုင်အဖွဲ့ ဉက္ကဌ ဖာနန်ဒိုက မီဒီယာကိုပြောကြားသည်။

ယခုနှစ်ပထမခုနစ်လအတွင်း ခရီးသွားလုပ်ငန်းမှ ၁ ဒသမ ၀၉ ဘီလီယံ ဝင်ငွေရရှိခဲ့ရာ ယခင်နှစ်က ခရီးသွားလုပ်ငန်းမှရရှိသော ဝင်ငွေ ၇၆၄ ဒသမ ၆ သန်းနှင့်နှိုင်းယှဉ်ပါက ခရီးသွားလုပ်ငန်းမှဝင်ငွေရရှိမှုမြင့်တက်လာသည်ဟု ၎င်းက ထပ်လောင်းပြောသည်။

သီရိလင်္ကာနိုင်ငံသို့ ဩဂုတ်လ ၁ ရက်မှ ၁၀ ရက်အတွင်း ခရီးသွား ၅၁၅၉၄ ဦး  ဝင်ရောက်ခဲ့ပြီး ယခုနှစ် လက်ရှိအချိန်အထိ ခရီးသွား ၈၀၀၀၀၀ ကျော် ဝင်ရောက်ခဲ့သည်။

သီရိလင်္ကာခရီးသွားလုပ်ငန်းက ၂၀၂၃ ခုနှစ်အတွင်း ခရီးသွား ၂ သန်းဝင်ရောက်ရန်မျှော်မှန်းထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို