ဩဂုတ် ၁၇

သီရိလင်္ကာနိုင်ငံတွင် ပြည်နယ်ပေါင်း ကိုးခုရှိသည့်အနက် ပြည်နယ်ရှစ်ခုရှိ မိသားစု ၅၀၀၀၀ ကျော်သည် ရာသီဉတုခြောက်သွေ့မှုဒဏ်ခံခဲ့ရသည်ဟု သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာန ( ဒီအမ်စီ )က ဩဂုတ် ၁၇ ရက်တွင် ၎င်း၏ နောက်ဆုံးအစီရင်ခံစာ၌ ဖော်ပြထားသည်။

သောက်သုံးရေရှားပါးမှုနှင့်ပတ်သက်ပြီး ခြောက်သွေ့သောရာသီဥတုဒဏ်ခံရသောမိသားစုများတွင်  လူပေါင်း ၁၈၀၀၀၀ ကျော်ပါဝင်သည်ဟု ဒီအမ်စီကဆိုသည်။

နိုင်ငံမြောက်ပိုင်းနှင့် အရှေ့ပိုင်းပြည်နယ်များတွင်  ခြောက်သွေ့သော ရာသီဥတုဒဏ်ကို အများဆုံးခံစားရသည်ဟု သိရသည်။

လယ်ယာစိုက်ပျိုးရေးဝန်ကြီးက စပါးစိုက်ဧက ၃၇၀၀၀ ပျက်စီးခဲ့ကြောင်းပြောသည်။ ပျက်စီးဆုံးရှုံးမှုများအတွက် လယ်သမားများအား လျော်ကြေးပေးဆောင်ရန် စိုက်ပျိုးရေးအာဏာပိုင်များက ချင့်ချိန်အကဲဖြတ်လုပ်ဆောင်နေသည်ဟု သိရသည်။

သီရိလင်္ကာနိုင်ငံ မိုးလေဝသဌာန၏ပြောကြားချက်အရ အနောက်တောင်မုတ်သုံလေ အားနည်းမှုကြောင့် ခြောက်သွေ့သော ရာသီဥတုသည် စက်တင်ဘာလကုန်အထိ ဆက်လက်ဖြစ်ပေါ်နေမည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို