သီတက္ကန် (မြောက်) ကျေးရွာမှ ထွက်ရှိသည့် အတာအိုးများ ယမန်နှစ်ကထက် ပိုမိုရောင်းအားကောင်း

 

မိတ္ထီလာ၊ ဧပြီ ၂

 

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် သီတက္ကန် (မြောက်) ကျေးရွာမှ ထွက်ရှိသည့် မြန်မာ့ရိုးရာ မဟာသင်္ကြန်ကာလအကြို အတာအိုးများ ယမန်နှစ်ကထက် ပိုမိုရောင်းအားကောင်းလျက်ရှိကြောင်း အိုးလုပ်ငန်းလုပ်ကိုင်သူတစ်ဉီးထံမှ သိရသည်။

 

သီးတက္ကန် (မြောက်) ကျေးရွာမှ မိရိုးဖလာလုပ်ငန်းဖြစ်သည့် အိုးလုပ်ငန်းကို ကျေးရွာရှိ အိမ်ထောင်စု ၅၀ ကျော်က အဓိက လုပ်ကိုင်ကြပြီး စိုက်ပျိုးသီးနှံများ ရိတ်သိမ်းပြီးစီးချိန်တွင် အိုးလုပ်ငန်းကို ပိုမို​လုပ်ကိုင်လျက်ရှိသည်။ အိုးလုပ်ငန်းလုပ်ကိုင်ရာတွင် သောက်ရေအိုး၊ ဘုရားပန်းအိုး၊ ဆွမ်းလောင်းအိုး၊ ပန်းစိုက်အိုး၊ စလောင်ဖုံး၊ ဆီမီးခွက်၊ အတာအိုး၊ ထန်းမြေအိုးများကို အဓိက လုပ်ကိုင်လျက်ရှိရာမှ နှစ်စဉ်မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကာလအတွင်း အတာအိုးများရောင်းချနိုင်ရေး သင်္ကြန်ကာလ မရောက်မီ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတို့တွင် အတာအိုးများကို ကြိုတင်၍ ပြုလုပ်ရောင်းချကြသည်။

 

ယခင်က အတာအိုးများကို မိတ္ထီလာ၊ မလှိုင်၊ တောင်သာ၊ မြင်းခြံ၊ သာစည်မြို့နယ်များမှ အိုးကုန်သည်များက ကျေးရွာအရောက် ဝယ်ယူလျက်ရှိကြရာ ယခုနှစ်တွင် တောင်ပေါ်ဒေသများဖြစ်သည့် တောင်ကြီး၊ ကလော၊ အောင်ပန်း၊ ရွာငံ၊ ပင်းတယ၊ ဟဲဟိုး မြို့နယ်များရှိ အိုးကုန်သည်များက အတားအိုးတစ်လုံးကို ငွေကျပ် ၃၀၀ နှုန်းဖြင့် ကျေးရွာအရောက် လာရောက်ဝယ်ယူ လျက်ရှိသောကြောင့် ကြိုတင်မှာယူရသည်အထိ ရောင်းအားကောင်းလျက်ရှိကြောင်း သိရသည်။

 

သိန်းမြင့်ကျော်(မိတ္ထီလာ)