ရေစကြို  ၃ မတ်  

မကွေးတိုင်းဒေသကြီးအတွင်းမှ သခွားစိုက်ခင်းများတွင် သခွားသီးများ အက်ကွဲမှုကြောင့် အသီးကောင်း အထွက်နှုန်းလျော့လျက်ရှိပြီး တရုတ်သို့တင်ပို့ရာတွင်လည်း ဈေးကောင်းမရသောကြောင့် သခွားစိုက်တောင်သူများ အရှုံးပေါ်လျက်ရှိကြောင်း သိရသည်။

 

2019

 

“အသီးဆွတ်တဲ့အချိန်မှာ ရာသီဥတုက အပူအအေးမမျှတော့  အသီးတွေတအားကွဲတယ်၊ တစ်ဧကကို ၁၅ တန်လောက် ထွက်ရမယ့်အခင်းမျိုးဆို ၁ဝ တန်လောက်ပဲ ထွက်တယ်။ တကယ်ပြည့်ပြည့်ဝဝ မရင့်မှည့်ခင်မှာ အကွဲသက်သာအောင်လို့ ဆွတ်ကြတော့ အသီးအရည်အသွေးက မမှီတော့ဘူး။ အမှည့်မဟုတ်တော့ စိမ်းတယ်၊ ဈေးကွက်မှာ တင်လိုက်တဲ့အခါကျတော့ ဈေးနှိမ်တော့တာပေါ့”ဟု မကွေးတိုင်းဒေသကြီး ဖရဲ/သခွားအသင်းမှ ဒုဥက္ကဋ္ဌ ဦးကျော်မင်းက ပြောသည်။

မကွေးတိုင်းဒေသကြီး အတွင်းတွင် သခွားမွှေးကို ရေစကြိုမြို့နယ်တွင် အစိုက်များပြီး စိုက်ဧက ၁၀ဝဝ ခန့်ရှိကြောင်း သိရသည်။ သခွားမွေးစိုက်တောင်သူများသည် သခွားမွေးမျိုးစေ့များကို  အောက်တိုဘာလ၊  နိုဝင်ဘာလ၊ ဒီဇင်ဘာလတို့တွင် စိုက်ပျိုးကြပြီး  ဖေဖော်ဝါရီလနှင့် မတ်လတို့တွင် အသီးခူးဆွတ်ရောင်းချရကြောင်း သိရသည်။  သခွားမွေးတစ်ဧကလျှင် ငွေကျပ်သိန်း ၈ဝ ခန့် ကုန်ကျလေ့ရှိပြီး ယခုနှစ်တွင် အသီးများအက်ကွဲမှုကြောင့် အသီးကောင်း အထွက်နှုန်းလျော့နည်းလျက်ရှိရာ ရေစကြိုမြို့နယ်အတွင်းရှိ စိုက်ပျိုးဧက၏ ၉ဝ ရာနှုန်းမှ တောင်သူများမှာ အရှုံးပေါ်လျက်ရှိကြောင်း သိရသည်။

“နှစ်တိုင်းဆိုရင် ဒီချိန်ဆို အတော်မြတ်နေကြပြီ၊ ဒီနှစ်တော့ တစ်ဧကကို ၁ဝ သိန်း ၁၅ သိန်းလောက် ရှုံးတယ်။ မြတ်ရမယ့်ဟာ မမြတ်တော့တာပေါ့။ 
ရာသီဥတု အပူအအေးမညီမျှတာရော၊ မျိုးစေ့လည်း မမှန်ကန်တဲ့ အနေအထားလို့ သုံးသပ်နေကြတာဘဲ”ဟု  ဦးကျော်မင်းက ပြောပြသည်။

သခွားစိုက်တောင်သူများသည် နီးစပ်ရာပွဲရုံများမှ တရုတ်ပြည်မှမျိုးစေ့ကို ဝယ်ယူရခြင်းဖြစ်ပြီး အဆိုပါမျိုးစေ့မှာ မျိုးစေ့မမှန်ကန်သောကြောင့် အသီးများ အက်ကွဲခြင်းလည်း ဖြစ်နိုင်ကြောင်း သခွားစိုက်တောင်သူများမှ ခန့်မှန်းကြကြောင်း သိရသည်။

“ဒီနှစ် အသီးအနေအထားကလည်း သိပ်မကောင်းဘူး။  ကျင်ဆန်းကျော့ဂိတ်ကနေ ကားအဝင်အထွက်တွေ ပိတ်လိုက်တော့ ပိတ်မိခဲ့တဲ့အသီးတွေဟာ လတ်ဆတ်မှုမရှိတော့ အဲတော့ဈေးကျသွားတယ်။ အသီးမလတ်ဆတ်တော့ တရုတ်တွေကလည်း မဝယ်ရဲတော့ဘူး။ အဲတော့ဈေးချဝယ်တယ်၊ အဲဒီရဲ့ဂရက်တွေက အခုချိန်ထိ သက်ရောက်နေတာ၊ အခုဈေးပြန်တက်ရမယ့်အချိန် မတက်တော့တာပေါ့”  ဟု သခွားစိုက်တောင်သူ တစ်ဦးက ပြောသည်။

ယခင်နှစ်က သခွားမွှေးတစ်ကီလိုလျှင် ၆ ယွမ်ရရှိသည့် အသီးများမှာ ယခုအခါ တစ်ကီလိုလျှင် ၃.၂ ယွမ်ဖြင့် ရောင်းချနေရခြင်းကြောင့် ဈေးနှုန်းမှာ ထက်ဝက်မက ဈေးလျော့ရောင်းရလျက်ရှိပြီး အသီးကောင်း အထွက်နှုန်းမှာလည်း လျော့နည်းလျက်ရှိသောကြောင့် သခွားစိုက်တောင်သူများ အရှုံးပေါ်လျက်ရှိကြောင်း သိရသည်။

အိမွန်ဆွေ(ရေစကြို)