ကသာ ၃၀ ဧပြီ
သက်တမ်းလွန် စားသုံးရန် မသင့်သော အိမ်သုံးဆေးဝါးနှင့် မုန့်မျိုးစုံပစ္စည်းများ မီးရှို့ဖျက်ဆီးခြင်းကို ဧပြီ ၂၉ ရက် ညနေ ၅ နာရီက စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် စားသုံးသူရေးရာဦးစီးဌာန ရုံးဝင်းအတွင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ မီးရှို့ဖျက်ဆီးခြင်းနှင့် ပတ်သက်၍ စားသုံးသူရေးရာ ဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်မင်းက သက်တမ်းလွန် စားသုံးရန် မသင့်သော အစားအသောက်များ၊ FDA က တားမြစ်ထားသော ဆေးဝါးများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
၂၀၁၉ ခုနှစ် ဧပြီလအတွင်း ကသာမြို့ပေါ်ရှိ ဆေးပစ္စည်း အရောင်းဆိုင် (၁၄) ဆိုင်နှင့် မုန့်မျိုးစုံဆိုင် (၁၀)တို့တွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ရာ စားသုံးရန်မသင့်သော သက်တမ်းလွန် ဆေးဝါးများနှင့် မုန့်မျိုးစုံတို့ကို ခရိုင်စားသုံးသူ အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ကြသည်။
ဟန်မျိုးကျော် (ကသာ)


