သံတောင်ကြီး ၅ မတ်
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တွင် အမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သံတောင်ကြီး အမျိုးသမီးများအဖွဲ့၏ အကျိုးတူ ကော်ဖီစိုက်ခင်းတွင် ၂၀၁၈ ခုနှစ်မှစ၍ ကော်ဖီပင်များ စတင်စိုက်ပျိုးခဲ့ကြသည်။
ယနေ့နံနက် ၉ နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ အဆိုပါစိုက်ခင်းသို့ လာရောက်ကာ ပျိုးပင်များ ပြုစုပျိုးထောင်ခြင်း၊ လိုအပ်သော မျိုးစေ့နှင့် နည်းပညာပံ့ပိုးမှုများကို ကွင်းသရုပ်ပြ ပေးခဲ့ကြသည်။ အဆိုပါ ကွင်းသရုပ်ပြပွဲတွင် ကျောက်တိုင်ကော်ဖီခြံမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မီမီမြင့်၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသိန်းထိုက်မင်း နှင့် စိုက်ပျိုးရေးဝန်ထမ်းများ၊ သံတောင်ကြီး အမျိုးသမီးများအဖွဲ့ ဒါရိုက်တာ ဒေါ်နော်မာမာချို နှင့် အမျိုးသမီးအဖွဲ့ဝင်များနှင့် ခြံတာဝန်ခံ ဦးဘစိန်တို့ တက်ရောက်ခဲ့ကြသည်။
လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မီမီမြင့်က ကော်ဖီရာသီ သီးနှံဌာနခွဲ ကျောက်တိုင်ကော်ဖီခြံမှ ကော်ဖီနည်းပညာနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် ကော်ဖီမျိုးစေ့ ၁ ကီလိုဂရမ် စိုက်ပျိုးလျှင် အပင်ပေါင်း (၄၀ဝ၀) ကျော်ရရှိမည်ဖြစ်ပြီး မြေ (၂) ဧကခွဲခန့် စိုက်ပျိုးရမည်ဖြစ်ကြောင်း၊ ယခုစိုက်ပျိုးထားသော ကော်ဖီများသည် ကတ်တီမိုး (Arabica) ကုန်းမြင့်ကော်ဖီပင်များဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင် (၂၅၀ဝ) အထက်တွင် စိုက်ပျိုးနိုင်ကြောင်း၊ စိုက်ပျိုးသည်မှစ၍ နှစ်ပတ်ခန့်ကြာသော် အပင်များပေါက်လာပြီး အပင်မှ အရွက်ထွက်လာသည်နှင့် ပျိုးအိတ်သို့ပြောင်းရွေ့ရမည် ဖြစ်ပြီး (၇) လ (၈) လခန့်ကြာသော် အပင်များကို ပျိုးခင်းသို့ ပြောင်းရွေ့စိုက်ပျိုးရမည်ဖြစ်ကြောင်း၊ ထိုသို့ပြောင်းရွေ့စိုက်ပျိုးရာတွင် အမြစ်နုများ ထိခိုက်ခြင်းမရှိစေရန်နှင့် အမြစ်ကိုဖြောင့်သည့် အနေအထားရှိရန် လိုအပ်ကြောင်း ရှင်းလင်းပြောကြားသွားကြောင်း မြို့နယ်(ပြန်/ဆက်)မှ သိရသည်။
MDN


