သုံးခွ ၆ မတ်
ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်တွင် စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် ကိုရီးယားနိုင်ငံ(KOICA) အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီတို့ ပူးပေါင်းဆောင်ရွက်သော မြန်မာဆယ်မာအူးလ်အွန်ဒုံ SMU ကျေးရွာသစ် လှုပ်ရှားမှု စီမံကိန်း တတိယနှစ်(၂၀၁၈)ကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော လက်ပန်နှင့် နန်းခလဲ ကျေးရွာနှစ်ရွာအား စီမံကိန်း တတိယနှစ် ၂၀၁၈ အတွက် ထူးချွန်(က)အဆင့် ကျေးရွာအဖြစ် ရွေးချယ်ခံရကြောင်း ၂၀၁၉ ခုနှစ် မတ်လ ၅ ရက်တွင် သက်ဆိုင်ရာမှ သတင်းထုတ်ပြန် ကြေညာခဲ့ သည်။
အဆိုပါ စီမံကိန်းသည် ကိုရီးယား - မြန်မာ ချစ်ကြည်ရေး အစီအစဉ်ဖြင့် ၂၀၁၆ နှစ်တွင် မြန်မာနိုင်ငံအတွင်းရှိ ကျေးရွာပေါင်း ၁၀ဝ တွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ၂၀၁၇ တွင် ကျေးရွာ ၁၀ ရွာ တိုးချဲ့ဆောင်ရွက်ခဲ့သဖြင့် ကျေးရွာပေါင်း ၁၁၀ ဖြစ်လာခဲ့ကာ တစ်နှစ်လျှင် ကျေးရွာတစ်ရွာစီအား ပုံမှန်အမေရိကန်ဒေါ်လာ ၂၀ဝ၀ဝ ထောက်ပံ့ပေးပြီး စွမ်းဆောင်ရည် မြှင့်တင်ရေး၊ လူနေမှုပတ်ဝန်းကျင် တိုးတက် ကောင်းမွန်စေရေး၊ ဝင်ငွေ တိုးပွားစေရေး စသည့် လုပ်ငန်းစဉ် သုံးရပ်ဖြင့် ကျေးရွာဖွံဖြိုးတိုးတက်စေရန် ဆောင်ရွက်စေခဲ့ကြောင်း သိရှိရသည်။
အဆိုပါစီမံကိန်း၏ လုပ်ငန်းစဉ်သုံးရပ်ဆောင်ရွက်နေမှုကို တိုင်းအဆင့် ကျေးရွာသစ် လှုပ်ရှားမှုစီမံကိန်း ကြီးကြပ်ရေးအဖွဲ့များမှ တာဝန်ရှိသူများက အဖွဲ့များခွဲကာ လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်မှု၊ စာရင်းဇယားများ၊ မှတ်တမ်းများ ရေးသွင်းရာတွင် မှန်ကန်တိကျမှု၊ စနစ်တကျ ထိန်းသိမ်းထားရှိမှု၊ ကျေးရွာနေ ပြည်သူလူထု နိုးကြားတက်ကြွစွာ ပါဝင်ပူးပေါင်းဆောင်ရွက်မှု စသည်တို့ကို စာရင်းဇယားများနှင့် မြေပြင်အခြေအနေတို့ကို ကွင်းဆင်းစစ်ဆေးအကဲဖြတ်ပြီး ထူးချွန်ကျေးရွာများ ရွေးချယ်ခြင်းဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ ကျေးရွာနှစ်ရွာသည် စီမံကိန်းပထမနှစ်နှင့် ဒုတိယနှစ်တွင်လည်း ထူးချွန်(က)အဆင့် ကျေးရွာအဖြစ် ရွေးချယ်ခံရသဖြင့် အမေရိကန် ဒေါ်လာ ၂၀ဝ၀ဝ ချီးမြှင့်ခြင်းခံခဲ့ရကြောင်း သိရှိရသည်။
ကိုကျော်(သုံးခွ)


