လွိုင်ကော် ၅ မေ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ရန်အောင်မြင် ကုန်းတော်တွင် တည်ထားကိုးကယ်လျက်ရှိသည့် “ထာဝရငြိမ်းချမ်းရေး စေတီတော်မြတ်ကြီး” ကိန်းဝပ် စံပယ်တော်မူမည့် စကျင်ဗုဒ္ဓ ရုပ်ပွားတော် (၂)ဆူနှင့် တင်လှူပူဇော်မည့် ရတနာစိန်ဖူးတော်၊ ရွှေငှက်မြတ်နားတော်၊ ရွှေထီးတော်များကို တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ဒေသစာရီ ကြွချီအပူဇော်ခံလျက်ရှိရာ မေ ၁၁ ရက်မှ ၁၂ ရက်အထိ ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ ဒေသစာရီ ကြွချီအပူဇော်ခံ၍ ကယားပြည်နယ်အတွင်းရှိ ရဟန်းရှင်၊ လူ ပြည်သူအများ ကုသိုလ်ယူ ဖူးမြော်ပူဇော်နိုင်ရန် ရည်ရွယ်၍ မေ ၁၂ ရက်မှ ၁၃ ရက်အထိ လွိုင်ကော်မြို့သို့ ဒေသစာရီ ကြွချီအပူဇော်ခံမည် ဖြစ်ကြောင်း သိရသည်။

မေ ၁၂ ရက် နံနက်ပိုင်းတွင် စကျင်ဗုဒ္ဓရုပ်ပွားတော် (၂)ဆူနှင့် တင်လှူပူဇော်မည့် ရတနာ စိန်ဖူးတော်၊ ရွှေငှက်မြတ်နားတော်၊ ရွှေထီးတော်များကို ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့မှ တောင်ကြီး- ဆီဆိုင်- လွိုင်ကော် လမ်းကြောင်းအတိုင်း ကယားပြည်နယ် လွိုင်ကော်မြို့သို့ ကြွချီလာမည်ဖြစ်ပြီး ရှေ့ပြေးကြိုဆိုရေးအဖွဲ့မှ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ် အစပ်နေရာမှ လွိုင်ကော်မြို့ (ကန္ဒရတီလမ်းမ- လမ်းလယ်ကျွန်းအစ) မြို့နယ် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနရုံး အနီးရှိ ကြိုဆိုပင့်ဆောင်ခြင်း မုခ်ဦးသို့ ပင့်ဆောင်လာမည်ဖြစ်ကြောင်း၊ ပြည်နယ်လွှတ်တော်ရုံး ကြိုဆိုရေးနေရာမှ စတင်၍ ဒေဝါဝင်း၊ ရာဇဝင်း၊ ဥပသကာများနှင့် လမ်းဘေးဝဲ/ယာ ကြိုဆိုပူဇော်ရေး ပရိသတ်များက ဝန်းရံကာ အပူဇော်ခံ မဏ္ဍပ်ရှိရာ မြို့နာမ်စေတီတော်သို့ ဆက်လက်ကြိုဆို ပင့်ဆောင်သွားကြမည် ဖြစ်ကြောင်း သိရသည်။

ရဟန်းရှင်၊ လူ ပြည်သူအများ ကုသိုလ်ယူ ဖူးမြော်ပူဇော်နိုင်ရန် ဒေသစာရီကြွချီ အပူဇော်ခံမည့် လွိုင်ကော်မြို့၊ မြို့နာမ် စေတီတော်မြတ်ကြီး ပရိဝုဏ်အတွင်းရှိ ယာယီ အပူဇော်ခံ မင်္ဂလာမဏ္ဍပ်တွင် ထားရှိသွားမည်ဖြစ်ပြီး ယင်းနေ့ည ၇ နာရီတွင် လွိုင်ကော်မြို့ သာသနာ့ ဗိမာန်တော်ကြီး၌ ဒေသစာရီ ကြွချီ ပင့်ဆောင်ပူဇော်ခြင်း အထိမ်းအမှတ် ရွှေပါရမီ တောရဆရာတော် အရှင် ဆန္ဒာဓိက၏ ငြိမ်းချမ်းရေး ဓမ္မသဘင်ကို ဆင်ယင်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

မေ ၁၃ ရက် နံနက် ၆ နာရီတွင် ဆရာတော်ကြီးများဖြင့် ရတနာစိန်ဖူးတော်၊ ရွှေငှက်မြတ်နားတော်၊ ရွှေထီးတော်နှင့် ရုပ်ပွားတော်မြတ်များအား အနေကဇာတင် မင်္ဂလာအခမ်းအနား ဆောင်ရွက်ပြီး ကယားပြည်နယ် လွိုင်ကော်မြို့မှ တောင်ငူမြို့သို့ လွိုင်ကော်- ပင်လောင်း- ကလောလမ်းအတိုင်း ဒေသစာရီ ပြန်လည် ကြွချီတော်မူခြင်းအား ကယားပြည်နယ်အစပ် မိုးဗြဲမြို့ အဝင်အထိ ပို့ဆောင်ပူဇော်ရေးယာဉ်ဖြင့် လိုက်ပါပို့ဆောင်မည် ဖြစ်ကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)