နေပြည်တော် ၂၁ မတ်
ထာဝရငြိမ်းချမ်းရေးစေတီတော် တည်ထားကိုးကွယ်ရေးအတွက် အလှူငွေပေးအပ်ပွဲကို ယနေ့နံနက် ၈ နာရီက နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန (ရုံးအမှတ်-၃၅) ပြည်ထောင်စုဝန်ကြီးရုံးဧည့်ခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက အလှူငွေများ လက်ခံရယူသည်။
အခမ်းအနားတွင် ထိုင်းနိုင်ငံ ဓမ္မကာယဖောင်ဒေးရှင်းမှ ဆရာတော်ကြီးများက အလှူငွေကျပ်သိန်း ၄၅၀ နှင့် ဌာပနာထည့်သွင်း ပူဇော်နိုင်ရန် ထိုင်းဘတ်ငွေ ၃ သန်းတန်ဖိုးရှိ ရတနာပစ္စည်းများအား လည်းကောင်း၊ အလှူရှင် ဦးလှထွန်း + သီရိသုဓမ္မသိင်္ဂီ ဒေါ်စန်းစန်းဝေ (ရှမ်းပျိုမေ)မိသားစုက အလှူငွေကျပ် ၂၅ သိန်းနှင့် အလှူရှင်ပါမောက္ခ ဒေါက်တာနှင်းနှင်းအေးက အလှူငွေ ၁၀ သိန်းတို့ကို ပေးအပ်လှူဒါန်းရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ဒုတိယဝန်ကြီး ဦးကြည်မင်းတို့က လက်ခံရယူပြီး ပြည်ထောင်စုဝန်ကြီးက သာဓုအနုမောဒနာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ရာဇသင်္ဂဟလမ်း ကံ့ကော်ပန်း အဝိုင်းအနီးတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး အစဉ်ထာဝရငြိမ်းချမ်းရေး ရရှိစေရန် ရည်သန်လျက် ခုနစ်ရက်သားသမီးများ အလှူရှင် ဘုရားဒါယကာ၊ ဒါယိကာမများစုပေါင်း၍ ထာဝရငြိမ်းချမ်းရေးစေတီတော်ကို တည်ဆောက်ပူဇော်လျက်ရှိရာ ပါဝင်လှူဒါန်းလိုသည့် အလှူရှင်များအနေဖြင့် ဦးသောင်းဝင်း(ညွှန်ကြားရေးမှူး) ဖုန်း- ဝ၉၄၂၀၇၀၁၄၆၃၊ ဦးမောင်မောင်မျိုး (ညွှန်ကြားရေးမှူး) ဖုန်း-ဝ၉၂၁၃၂၁၉၁၊ ဦးကြင်ခိုင်(ညွှန်ကြားရေးမှူး) ဖုန်း-ဝ၉၈၆၀ဝ၁၁၃ နှင့် ဦးကျော်စိန်ဝင်း (ညွှန်ကြားရေးမှူး) ဖုန်း-ဝ၉၄၃၁၂၅၃၇၃ တို့သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
(ဟန်လင်းနိုင်)


