ဟင်္သာတ ၂၆ ဧပြီ
ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် တည်ထားကိုးကွယ်လျက်ရှိသည့် ထာဝရငြိမ်ချမ်းရေး စေတီတော်တွင် ကိန်းဝပ်စံပယ်တော်မူမည့် စကျင်ဗုဒ္ဓရုပ်ပွားတော်များ၊ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်ဘုံအဆင့်ဆင့်တို့အား ယနေ့နံနက်ပိုင်းတွင် ပုသိမ်မြို့မှ ဟင်္သာတမြို့သို့ ပင့်ဆောင်ပူဇော်ခံသည်။
ဗုဒ္ဓရုပ်ပွားတော်များ၊ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်ဘုံအဆင့်ဆင့် တို့အား ယနေ့နံနက်ပိုင်းက ပုသိမ်မြို့ ကံသာယာပြည်ထောင်စုကွင်း ယာယီစံကျောင်းတွင် ဆရာတော်သံဃာတော်များက ဘုရားအနေကဇာတင်ကြပြီး ဆရာတော်သံဃာတော်များအား ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများက အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် ပုသိမ်မြို့မှ ဟင်္သာတမြို့သို့ တိုင်းဒေသကြီးစည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်များမှ ဌာနဆိုင်ရာများ၊ ဘာသာရေးအသင်းအဖွဲ့များ၊ ဝတ်အသင်း အဖွဲ့များက ပင့်ဆောင်ပူဇော်သည်။
ပင့်ဆောင်ပူဇော်ခံရာ လမ်းတလျှောက်တွင်လည်း ရဟန်းရှင်လူများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ မြို့မိမြို့ဖများ၊ ဘာသာရေးအသင်းအဖွဲ့များ၊ လူမှုရေးအသင်း အဖွဲ့များ၊ ဒေသခံ ပြည်သူများက ကြိုဆိုဖူးမြော်ပူဇော်ကြပြီး စေတီတော်ကြီး တည်ထားကိုးကွယ်ရေး အလှူငွေများ ထည့်ဝင်လှူဒါန်းကြသည်။
ထိုမှတစ်ဆင့် ဟင်္သာတမြို့ရှိ ဆယ်ထပ်ကြီးဘုရားဝန်းအတွင်းရှိ၊ သာသနာ့ဗိမာန်တော်ကြီးရှိ ယာယီစံကျောင်းတွင် ဒေသခံပြည်သူများ ဖူးမြော်ကြည်ညိုပူဇော်နိုင်ရန် အပူဇော်ခံထားရှိသည်။
ညပိုင်းတွင် ဆယ်ထပ်ကြီးဘုရားဝန်းအတွင်းရှိ သာသနာ့ဗိမာန်တော်ကြီး၌ ရွှေပါရမီတောရ ဆရာတော် အရှင်ဆန္ဒာဓိကမှ ပြည်ထောင်စုကြီး ထာဝရငြိမ်းချမ်းရေးရရှိစေရန် “မေတ္တာလွှမ်းမှငြိမ်းချမ်းမယ်” တရားတော်ကို ဟောကြားချီးမြှင့်ရာ ရဟန်းရှင်လူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့ဝင်များ၊ အလှူရှင်များ၊ ဒေသခံတရားချစ်ခင် သူတော်စင်များက တရားတော်ကို ရိုသေစွာ နာယူကြည်ညိုကြသည်။
(ဟန်လင်းနိုင်)


