မန္တလေး ၂ မေ 

 


ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ ထာဝရငြိမ်းချမ်းရေးစေတီတော်တွင် ကိန်းဝပ်စံပယ်တော်မူမည့် စကျင်ဗုဒ္ဓရုပ်ပွားတော်များ၊ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်ဘုံအဆင့်ဆင့်တို့သည် မုံရွာမြို့မှ မန္တလေးမြို့သို့ ယနေ့မွန်းလွဲ ၂ နာရီခွဲတွင် ဒေသစာရီကြွချီ အပူဇော်ခံရန် ရောက်ရှိလာရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ မဟာမုနိဘုရားဂေါပကအဖွဲ့ဝင်များ၊ အလှူရှင် ဒါယကာ၊ ဒါယိကာမများကမန္တလေးမြို့ မဟာမုနိဘုရားကြီးတွင် ဖူးမြော်ကြိုဆိုကြသည်။

 

ewf

 


မန္တလေးမြို့ မဟာမုနိဘုရားကြီးသို့ ဒေသစာရီကြွချီလာပြီး အပူဇော်ခံထားရှိမှုနှင့် ပတ်သက်ပြီး မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က "ငြိမ်းချမ်းရေးဟာ ကျွန်တော်တို့နိုင်ငံအတွက် အများကြီးလိုအပ်နေတဲ့အရာ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးကိစ္စကို အစိုးရက ဆောင်ရွက်နေတာက တစ်ပိုင်း၊ ငြိမ်းချမ်းရေးစေတီတော် တည်ထားကိုးကွယ်တဲ့ ဘာသာရေးပိုင်းက ဆောင်ရွက်တာကလည်း ရှိသင့်ရှိထိုက် ရှိအပ်တဲ့ အရာဖြစ်ပါတယ်။ အခုလိုမြန်မာနိုင်ငံရဲ့ မြို့တော် နေပြည်တော်မှာ တည်ထားကိုးကွယ်မယ့် ထာဝရငြိမ်းချမ်းရေးစေတီတော်မှာ ကိန်းဝပ်စံပယ်တော်မူမယ့် ဗုဒ္ဓဆင်းတုတော်တွေ ကျွန်တော်တို့မြို့ကို လာရောက်ပြီး အပူဇော်ခံတဲ့အတွက် အများကြီးဝမ်းသာ ကြည်နူးဖြစ်မိပါတယ်" ဟု မုဓိတာစကားပြောကြားသည်။

 


မဟာမုနိ ဘုရားကြီးဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးလင်းကလည်း "ငြိမ်းချမ်းရေးစေတီ ဆိုတာ အင်မတန်မှ မင်္ဂလာရှိတဲ့ အမည်နာမဖြစ်ပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကို လှည့်လည်အပူဇော်ခံတဲ့အတွက် ငြိမ်းချမ်းရေးစိတ်ဓာတ်နဲ့ ငြိမ်းချမ်းရေး အတိတ်နိမိတ်ကောင်းတွေ ရရှိမယ်လို့ယုံကြည်ပါတယ်။ အခုလို မန္တလေးမှာ လာရောက်အပူဇော်ခံတဲ့အတွက် ကျွန်တော်တို့ဂေါပကအဖွဲ့နေနဲ့ အများကြီး ဝမ်းသာမိပါတယ်။ စေတီတော်ရဲ့ ဘွဲ့တော်အတိုင်း မြန်မာနိုင်ငံမှာ ထာဝရငြိမ်းချမ်းရေး ရရှိလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်" ဟုပြောသည်။

 

ewe

 


ထာဝရငြိမ်းချမ်းရေးစေတီတော်တွင် ကိန်းဝပ်စံပယ်တော်မူမည့် စကျင်ဗုဒ္ဓရုပ်ပွားတော်နှစ်ဆူ၊ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်တို့အား မန္တလေးမြို့ မဟာမုနိဘုရားကြီးတွင် မေ ၂ ရက်မှ ၇ ရက် နံနက်ပိုင်းအထိ အပူဇော်ခံထားရှိမည်ဖြစ်ပြီး မေ ၃ ရက်တွင် ဆရာတော် အရှင်ဆန္ဒာဓိက က မဟာမုနိဘုရားကြီးဝင်းအတွင်း ငြိမ်းချမ်းရေးတရားတော် ဟောကြားချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။ 

 


အောင်သူရ၊ ဟန်လင်းနိုင်