နေပြည်တော် ၂၄ ဧပြီ
ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ အတွင်းရေးမှူး ဒေါက်တာတင်ထူးနိုင်နှင့် စီမံ ခန့်ခွဲမှု ကော်မတီဝင်များသည် ယမန်နေ့ မွန်းလွဲပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်အထူးစီးပွားရေးဇုန် မြန်မာ-ထိုင်းနယ်စပ် ထီးခီးသို့ ထိုင်းနိုင်ငံ NEDA မှ ချေးငွေ ရယူကာ အဆင့်မြှင့်တင်ဖောက်လုပ်မည့် (၂)လမ်းသွားကတ္တရာကားလမ်း တည်ဆောက်ရေးအတွက် လေ့လာဆန်းစစ်နေမှု အခြေအနေများအား သွားရောက် ကြည့်ရှုစစ်ဆေးသည်။
ဒုတိယဝန်ကြီးသည် မိုင်တိုင်အမှတ် ၁၆/၅ ဖာလုံတွင် လမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသက်ဇော်ဝင်းနှင့် တာဝန်ရှိသူများအားတွေဆုံ၍ လေ့လာဆန်းစစ်မှု အခြေအနေများနှင့်လက်ရှိဖြစ်ပေါ်တိုးတက်မှုများအား တွေ့ဆုံမေးမြန်းသည်။
ဆက်လက်၍ ကော်မတီ ဥက္ကဌ နှင့် အဖွဲ့သည် ထားဝယ်အထူးစီးပွားရေးဇုန်၊ One Stop Service Centre ၌ ကော်မတီဝင်များ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ကိုယ်စားလှယ် များနှင့်တွေ့ဆုံ၍ ကော်မတီအနေဖြင့် မြေပြင်တွင်စီမံကိန်းအကောင်အထည်ဖော်ရေး အတွက် ဆောင်ရွက်နေမှုအခြေအနေ၊ လက်ရှိဖြစ်ပေါ်တိုးတက်မှုအခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပြီး One Stop Service Centre ကိုယ်စားလှယ်များ၏ လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများအား မေးမြန်းဆွေးနွေးပြီး ထားဝယ်အထူးစီးပွားရေးဇုန် ရှင်းလင်းဆောင်၊ ဝ ဒဿမ ဝ၀ ကီလိုမီတာ မှတ်တိုင်နှင့် ဆိပ်ကမ်းငယ်သို့ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


