ထားဝယ် ၅ မတ်
တနင်္သာရီတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကလေးစာဖတ်ခန်းများ အဆင့်မြှင့်တင်ရေးနှင့် ပြည်သူ့ စစ်တမ်း ကောက်ယူရေး အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ထားဝယ်ခရိုင်ရုံး၊ Community Centre ခန်းမ၌ ကျင်းပခဲ့သည်။
ဆွေးနွေးပွဲတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူ့လုပ်ငန်းများကို အကျိုးပြုလျှင် အကျိုးပြုသလောက် ကျယ်ပြန့်ကြောင်း၊ ဌာနသည် ပြည်သူကိုဗဟိုပြုပြီး တတ်နိုင်သမျှ ပူးပေါင်း၍ ကြိုးစားဆောင်ရွက်နေရသည်ကို တွေ့ရှိရကြောင်း၊ ပြည်သူ့စကားဝိုင်းဆောင်ရွက်နေမှုများနှင့် ပတ်သက်ပြီး ဝန်ကြီးဌာနက မူဝါဒအသစ်များချမှတ်ပြီး ဆောင်ရွက်ပေးခြင်းအားဖြင့် အစိုးရနှင့် ပြည်သူကြား၊ လွှတ်တော်ကိုယ်စားလှယ်နှင့် ပြည်သူကြား ပိုမိုထိတွေ့ပြီး ထိရောက်အောင်မြင်လိမ့်မည်ဟု ယုံကြည်ကြောင်း၊ ပြန်ကြားရေးဆိုင်ရာလုပ်ငန်းများကို တက်ရောက်လာသော တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ် ဦးစီးမှူးများ အနေဖြင့် ဆက်လက်အားထည့်ပြီး ကြိုးစားလုပ်ကိုင်ပေးကြရန်နှင့် ဌာနအစီအစဉ်ဖြင့် ဆောင်ရွက်နေမှုများကို ပြည်သူများ ကျယ်ပြန့်စွာသိရှိအောင် ဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စိုးစိုးထွန်းက ၂၀၁၈ ခုနှစ်အတွင်း လုပ်ငန်းဆောင်ရွက်နိုင်မှုအပေါ် အားနည်းချက်၊ အားသာချက်အရ ၂၀၁၉ ခုနှစ် လုပ်ငန်း လျာထားချက်များအပေါ် ဆောင်ရွက်သွားမည့်အစီအမံများအား ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးက Community Centre ခန်းမ၊ ပြည်သူ့စာကြည့်တိုက်၊ ကလေးစာဖတ်ခန်း၊ ပြတိုက်ငယ်၊ နိုင်ငံတော်ပြန်တမ်းများနှင့် စာအုပ်စာစောင်များ စီမံ ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှု့စစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးရုံး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးသန့်နှင့် သရက်ချောင်းမြို့နယ်ဦးစီးမှူး ဦးနိုင်ဝင်းတို့က ကလေးစာဖတ်ခန်းများ အဆင့်မြှင့်တင်ရေးနှင့် ပြည်သူ့စစ်တမ်းကောက်ယူရေးဆိုင်ရာလုပ်ငန်းများကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
(တိုင်းဒေသကြီး ပြန်/ဆက်)


