ကမ်ပါလာ ၅ ဇွန်
ယူဂန္ဓာဝန်ကြီးချုပ် ရူဟာကာနာ ရူဂန်ဒါသည် ၎င်းနှင့် ထိတွေ့ဆက်ဆံသူတချို့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ပြီးနောက် ယနေ့မှစ၍ သီးခြားခွဲ၍ နေရကြောင်းသိရသည်။
“သူငယ်ချင်းတို့ခင်ဗျား၊ မကြာသေးမီက ကျွန်တော်နဲ့ ထိတွေ့ဆက်ဆံခဲ့တဲ့ လူတချို့မှာ ကိုဗစ်-၁၉ ရောဂါ အပေါင်း လက္ခဏာ ပြသခဲ့ပြီးနောက် ကျွန်တော်လည်း ဒီနေ့မှစ၍ သီးခြားခွဲ၍ နေနေရပါတယ်” ဟု ဝန်ကြီးချုပ် ရူဟာကာနာ ရူဂန်ဒါက ၎င်း၏ တွစ်တာစာမျက်နှာပေါ်တွင် ရေးသားဖော်ပြထားသည်။ “ကျွန်တော့်မှာ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ ကိုယ်တိုင် စမ်းသပ် စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ရောဂါပိုး လက္ခဏာတော့မရှိပါဘူး၊ ဒါပေမယ့် ကျန်းမာရေးဆိုင်ရာ အကြံပေးချက်အရ သီးခြားခွဲ၍ နေရန် ဆုံးဖြတ်လိုက်တာပါ” ဟု ၎င်းက ထပ်မံဖော်ပြထားသည်။
ဝန်ကြီးချုပ်ရူဂန်ဒါသည် ယူဂန္ဓာနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တာဆီးရေးနှင့် ထိန်းချုပ်ရေးဆိုင်ရာ အမျိုးသားလုပ်ငန်း အင်အားစု ကော်မတီ၏ အကြီးအကဲ တာဝန်ကိုလည်း ပူးတွဲထမ်းဆောင်ကြောင်း သိရသည်။ ယူဂန္ဓာကျန်းမာရေးဝန်ကြီးဌာန က အစိုးရဝန်ကြီးအားလုံးကို ကိုဗစ်-၁၉ ရောဂါ ဖြစ်စေသော ဗိုင်းရပ်စ်ပိုး ရှိ/မရှိ စမ်းသပ်စစ်ဆေးရန် အကြံပြုခဲ့ပြီးနောက် ဝန်ကြီးချုပ်နှင့် ထိတွေ့ဆက်ဆံခဲ့သူတချို့တွင် ကိုဗစ်-၁၉ ရောဂါပိုး စမ်းသပ်တွေ့ရှိခဲ့ခြင်းဖြစ်သည်။
ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စမ်းသပ်စစ်ဆေးမှုကို နောက်ပိုင်းတွင် ပုံမှန်ပြုလုပ်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အီမာနျူအယ်လ် အိုင်းနက်ယူနာက ဆင်ဟွာသတင်းဌာနသို့ တယ်လီဖုန်းဖြင့် ဆက်သွယ် ပြောကြားသည်။
အစိုးရဝန်ကြီးများသည် နေရာတစ်ခုမှ တစ်ခုသို့သွားပြီး လူပေါင်းစုံနှင့် ထိတွေ့ဆက်ဆံခဲ့သည့်အတွက် ၎င်းတို့မှာ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စမ်းသပ်စစ်ဆေးမှုကို ယနေ့မှ စတင်ပြုလုပ်ခဲ့ကြောင်း၊ အစိုးရဝန်ကြီးအားလုံးတွင် လုံခြုံမှုရှိစေလိုသည့် အတွက် ၎င်းတို့အား ပုံမှန်စပ်သပ်စစ်ဆေးမှု ပြုသွားမည်ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။
ထို့အပြင် ယူဂန္ဓာကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ စီမံခန့်ခွဲရေးအဖွဲ့သည် ကျန်းမာရေးဝန်ကြီးဌာနမှ ဝန်ထမ်း များ၊ ကိုဗစ်-၁၉ တိုက်ဖျက်ရေးဆိုင်ရာ အစိုးရ၏ လှုပ်ရှားဆောင်ရွက်မှုများနှင့် ပတ်သက်၍ သတင်းယူနေကြသည့် သတင်း ထောက်များနှင့် ဝန်ကြီးချုပ်ရုံးရှိ အခြားသောဝန်ထမ်းများကိုလည်း ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စမ်းသပ်စစ်ဆေးရန် အကြံပြု ထားကြောင်း ပြောရေးဆိုခွင့်ရှိသူက ထပ်မံပြောကြားသည်။
ယူဂန္ဓာနိုင်ငံတွင် ပြီးခဲ့သည့်သီတင်းပတ်က ကျန်းမာရေးလုပ်သား ခုနစ်ဦး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ရပြီး ကျန်းမာရေး ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ စီမံခန့်ခွဲရေးအဖွဲ့သည် ရောဂါကူးစက်မှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင် လျက်ရှိကြောင်း သိရသည်။
ယူဂန္ဓာနိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၃၅ ဦး ထပ်မံတွေ့ရှိခဲ့ရာ လက်ရှိအချိန်အထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၅၅၇ ဦးရှိလာကြောင်းသိရသည်။ သို့သော် ရောဂါ ကူးစက်ခံရသူများအနက် ၈၂ ဦးသည် ရောဂါ ကင်းစင်ပြီး ဆေးရုံနှင့် ဆေးခန်းများမှ ပြန်ဆင်းသွားကြောင်း သိရသည်။ လက်ရှိအချိန်အထိ ယူဂန္ဓာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူမရှိသေးကြောင်းသိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - ဂျေတီ


