နေပြည်တော် ၇ မတ်

 

ထိုင်းနိုင်ငံမှ မိမိဆန္ဒအလျောက် နေရပ်ပြန်လိုသူ မြန်မာနိုင်ငံသားများ ပြန်လည်လက်ခံရေးဆိုင်ရာ မြန်မာ-ထိုင်း ပူးတွဲလုပ်ငန်းအဖွဲ့၏ တတိယအကြိမ် အစည်းအဝေးကို ထိုင်းနိုင်ငံ၊ ချင်းရိုင် မြို့တွင် မတ် ၆ ရက် နံနက်ပိုင်းက ကျင်းပခဲ့သည်။ယင်းပူးတွဲလုပ်ငန်းအဖွဲ့အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်သူ ဦးဆောင်၍ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်း၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာဦးစီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ထိုင်းကိုယ်စားလှယ် အဖွဲ့ကို ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် Mrs. BusayaMathelin မှ ဦးဆောင်ပြီး၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

 

အဆိုပါအစည်းအဝေးတွင် ထိုင်းနိုင်ငံမှ မိမိဆန္ဒအလျောက် နေရပ်ပြန်လိုသူ မြန်မာနိုင်ငံသားများအား ပြန်လည်စိစစ်၍ လက်ခံရာတွင် နှစ်နိုင်ငံညှိနှိုင်းဆောင်ရွက်သွားရန်နှင့် ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ကို အဆင်ပြေချောမွေ့စွာ ဆောင်ရွက်သွားနိုင်ရန် ရှေ့ဆက်ပူးပေါင်း လုပ်ဆောင်သွားမည့် လုပ်ငန်းစဉ်များအား ညှိနှိုင်းဆွေးနွေးကြသည်။

 

ဆက်လက်၍ မြန်မာ-ထိုင်း ပူးတွဲလုပ်ငန်းအဖွဲ့၏ ဒုတိယအကြိမ် အစည်းအဝေးမှတ်တမ်းနှင့် ထိုင်းနိုင်ငံမှ မိမိဆန္ဒအလျောက် နေရပ်ပြန်လိုသူ မြန်မာနိုင်ငံသားများအား ပြန်လည်လက်ခံရေး လုပ်ငန်းဆိုင်ရာလမ်းညွှန်ချက်တို့ကို အတည်ပြုခဲ့ကြသည်။

 

ထို့အပြင်၊ အစည်းအဝေးတွင် ထိုင်းနိုင်ငံမှ မိမိဆန္ဒအလျောက် နေရပ်ပြန်လိုသူ မြန်မာနိုင်ငံသား (၅၆၅)ဦးအား တတိယအကြိမ်အဖြစ် ဖေဖော်ဝါရီ ၂၀ ရက်မှ ၂၂ ရက်အတွင်း ပြန်လည်လက်ခံခဲ့သည့်ကိစ္စ၊ ထိုင်းနိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (TICA)မှ တနင်္သာရီ တိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် Sufficiency Economy Philosophy (SEP)ကိုအခြေခံ၍ လူထုအခြေပြုစီမံကိန်းများနှင့် SEP Learning Center ထူထောင်ဆောင် ရွက်သွားမည့်ကိစ္စ၊ ထိုင်းနိုင်ငံမှ မိမိဆန္ဒအလျောက် နေရပ်ပြန်လိုသူ မြန်မာနိုင်ငံသားများအား ပြန်လည်လက်ခံရာတွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် ကိစ္စရပ်များဖြစ်သည့် ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားရေး၊ အလုပ်အကိုင်အခွင့်အလမ်း စသည်တို့ကိုလည်း အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

(သတင်းစဉ်)