တာချီလိတ် ၂၁ မတ်
တာချီလိတ်မြို့ ရှမ်းရိုးမကွင်းတွင် ဆိုင်ကယ်ယာဉ်မောင်းလိုင်စင်များ ပြုလုပ်ပေးခြင်းကို ယနေ့ နံနက်ပိုင်းမှ စတင်ကာ တာချီလိတ်ခရိုင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ဦးစီးကာ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
လိုင်စင်ပြုလုပ်လိုသူများအနေဖြင့် မှတ်ပုံတင်မိတ္တူ၊ မူရင်း၊ လိုင်စင်ဓာတ်ပုံများလိုအပ်ပြီး အသက် (၁၆) နှစ်မှ (၁၈) နှစ်အထိ (က-၁) လိုင်စင်ကို ငွေကျပ် ၁၉၀ဝ၀၊ အသက်(၁၈)နှစ်ပြည့်ပြီး သူများအတွက် (က) လိုင်စင်ကို ငွေကျပ် ၂၉၀ဝ၀ ဖြင့် ပြုလုပ်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။
ယခုလို အထူးအစီအစဉ်အဖြစ် ယာဉ်မောင်းလိုင်စင်များ ပြုလုပ်ပေးမှုကို ယနေ့ တစ်ရက်တည်းတာ ပြုလုပ်ပေးခြင်း ဖြစ်ပြီး ယနေ့ ပြုလုပ်ပြီးသည့် ယာဉ်မောင်းလိုင်စင်များကို မတ်လ (၂၈) ရက်နေ့တွင် လိုင်စင်များ ထုတ်ပေးသွားမည်ဖြစ်ကြောင်း ကညနရုံးမှ သိရသည်။
ဆိုင်ကယ်မောင်းနှင်သူတိုင်း ဆိုင်ကယ်မောင်းလိုင်စင်ရှိစေရေးအတွက် တာချီလိတ်ခရိုင် ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးစိုင်းလုံကျောက်နှင့် အဖွဲ့၊ အမှတ်(၁၁၉) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (တာချီလိတ်ခရိုင်)မှ ဒုတိယရဲမှူး ဇော်မင်းသိန်းနှင့် တပ်ဖွဲ့ဝင်များ က ရှမ်းရိုးမကွင်းရှေ့တွင် ဆိုင်ကယ်စီးနင်းသူများကို ယာဉ်မောင်းလိုင်စင်စစ်ဆေးပြီး မရှိသူများကိုယာဉ်မောင်းလိုင်စင်များ ပြုလုပ်ပေးနေခြင်း ဖြစ်သည်။
လိုင်စင်မဲ့ ဆိုင်ကယ်များအား ဆိုင်ကယ်လိုင်စင်ဆောင်ရွက်ပေးမှုအဖြစ် ကညနရုံးတွင် ရုံးပိတ်ချိန်များ မှလွှဲ၍ နေ့စဉ် ဆောင်ရွက်ပေးနေလျက်ရှိကြောင်း ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
MDN


