တာချီလိတ် ၂ ဒီဇင်ဘာ
တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ ငွေလဲဆိုင် တစ်ဆိုင်၌ ဆိုင်ရှင်အား သေနတ်ဖြင့် ချိန်ကာ အမျိုးသား လေးဦးက ကျပ်သိန်း ၂၀ဝ ခန့် တန်ဖိုးရှိ တရုတ်၊ ထိုင်း၊ မြန်မာငွေများကို ယနေ့ နံနက် ၇ နာရီကျော်ခန့်က လုယက်သွားခဲ့သည်။
တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ ငွေလဲဆိုင်တစ်ဆိုင်အား ဒီဇင်ဘာ ၂ ရက်၊ နံနက် ၇ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် သေနတ်ထောက် ငွေလုယက်သွားကြောင်း သတင်းအရ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် တာချီလိတ် မြို့မရဲစခန်းမှ တာဝန်ရှိသူများသည် သက်သေများနှင့် အတူ အခင်းဖြစ်ရပ်သို့ သွားရောက်စစ်ဆေးရာ မိသားစုငွေလွဲလုပ်ငန်းဆိုင်တွင် ဆိုင်ရှင် ထက်နိုင်ဦး တစ်ဦးတည်းရှိနေစဉ် အမျိုးသား လေးဦးတို့မှ ဆိုင်အတွင်းသို့ လမ်းလျှောက်ဝင်ရောက်လာပြီး အနက်ရောင်ဂျာကင်ဝတ် အမျိုးသား ဦးထုပ်ဆောင်းထားသူမှ ၎င်းအိတ်ထဲရှိ သေနတ်အတိုအား ထုတ်၍ သေနတ်ဖြင့်ချိန်ကာ ငွေလဲမည်ငြိမ်ငြိမ်နေ ဟု ပြောပြီး နှစ်ဦးမှာ ဆိုင်ရှင်အား ချုပ်နှောင်ထားကြောင်း၊ ကျန်တစ်ဦးမှာ ဆိုင်အတွင်းရှိ သစ်သားဗီဒိုအတွင်းထားရှိသော မြန်မာကျပ်ငွေ ရောရာ ကျပ်သိန်း ၂၀ဝ ခန့် လုယူနေစဉ် ယာဉ်အမှတ် SHN----- တပ်ဆင်ထားသော ရွှေငါးအမျိုးအစား အဖြူရောင် မော်တော်ယာဉ်မှာ ဆိုင်ရှေ့ရောက်လာပြီး ၎င်းအမျိုးသား လေးဦးမှာ ယာဉ်ပေါ်သို့ တက်ကာ ဗိုလ်ချုပ်လမ်းအတိုင်း ဆန်ဆိုင်း(၅)လမ်းဘက်သို့ မောင်းနှင် ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
အမှုမှ ဆိုင်အတွင်းသို့ ဝင်ရောက်လာပြီး ငွေများ လုယူထွက်ပြေးသွားသူ ငါးဦးအား တာချီလိတ်မြို့မရဲစခန်းက အမှုဖွင့်ကာ ဖမ်းဆီးရမိရေး ပိတ်ဆို့ရှာဖွေ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြင့်မိုရ်(တာချီလိတ်)


