အာဖရိကနိုင်ငံများဖလားပြိုင်ပွဲ    အုပ်စုနောက်ဆုံးပွဲစဉ်မှ ဇင်ဘာဘွေနှင့် တောင်အာဖရိကအသင်းပွဲစဉ် ကို ဒီဇင်ဘာ ၂၉ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့ရာ တောင်အာဖရိကအသင်းက အကြိတ်အနယ်ကစားပြီး သုံးဂိုး-နှစ်ဂိုးဖြင့်   နိုင်ပွဲရရှိကာ   ရှုံးထွက်အဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။

တောင်အာဖရိကအသင်းသည်   အုပ်စု (ခ)တွင် သုံးပွဲကစား နှစ်ပွဲနိုင်၊ တစ်ပွဲရှုံး ရမှတ် ခြောက်မှတ်နှင့်အတူ အုပ်စုဒုတိယဖြင့် နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။ တောင်အာဖရိကအသင်းသည် အာဖရိကနိုင်ငံများဖလားပြိုင်ပွဲ  ရှုံးထွက်အဆင့်သို့  ရှစ်ကြိမ်မြောက် တက်လှမ်းနိုင်ခဲ့ခြင်းဖြစ်သည်။

ဇင်ဘာဘွေအသင်းသည် ဂိုးရရှိနိုင်သည့် အခွင့်အရေးများစွာ ဖန်တီးနိုင်ခဲ့သော်လည်း အသင်းကစားသမားများ၏ အဆုံးသတ်သွင်းယူမှုပိုင်း လိုအပ်ချက်ရှိနေသည့်အတွက် ရှုံးပွဲကြုံတွေ့ခဲ့ခြင်းဖြစ်သည်။   ထို့ကြောင့်  ဇင်ဘာဘွေအသင်းသည် အာဖရိကနိုင်ငံများဖလားပြိုင်ပွဲတွင်   သုံးပွဲကစားပြီး   နှစ်ပွဲရှုံးနိမ့်ကာ တစ်ပွဲသရေရလဒ်နှင့်အတူ  အုပ်စုမှ  ထွက်ခွာခဲ့ရပြီဖြစ်သည်။

အခြားပွဲစဉ်ရလဒ်များတွင်   မိုရိုကိုက   ဇမ်ဘီယာကို  သုံးဂိုးပြတ်၊ အယ်ဂျီးရီးယားက ဘာကီနာဖာဆိုကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိပြီး ကိုမိုရို့စ်နှင့် မာလီအသင်းပွဲစဉ်တွင် ဂိုးမရှိ သရေကျခဲ့သည်။ ထို့အပြင် အိုင်ဗရီကို့စ်နှင့် ကင်မရွန်းအသင်းပွဲစဉ်တွင်လည်း တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့သည်။

အာဖရိကနိုင်ငံများဖလားပြိုင်ပွဲ ၁၆ သင်းအဆင့်သို့ မိုရိုကို၊ အီဂျစ်၊ နိုင်ဂျီးရီးယား၊ အယ်ဂျီးရီးယားစသည့် နာမည်ကြီးအသင်းများတက်လှမ်းထားနိုင်ပြီဖြစ်သည်။

အောင်ဇော်