ဇူလိုင် ၂၁

တောင်ကိုရီးယားနိုင်ငံတွင် မိုးများသည်းထန်စွာရွာသွန်းမှုကြောင့် သေဆုံးသူ ၁၇ ဦး အထိရှိလာပြီး ၁၁ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။

အာဏာပိုင်များက ရှာဖွေရေးနှင့်ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း ဖော်ပြထားသည်။

နိုင်ငံအနှံ့အပြားတွင် လွန်ခဲ့သောရက်များအတွင်း မိုးသည်းထန်စွာရွာသွန်းမှုများဖြစ်ပွားခဲ့ရာ နိုင်ငံတောင်ပိုင်းနှင့်မြောက်ပိုင်းရှိ တောင်ထူထပ်သောဒေသများတွင် ပျက်စီးမှုများပြားသည်ဟု သိရသည်။

တောင်ပိုင်းဂျီအွန်စန်ပြည်နယ်ရှိ စန်ချောင်ဒေသတွင် ဇူလိုင် ၁၆ ရက်မှစတင်ကာ ငါးရက်ကြာမိုးရွာသွန်းမှုကြောင့် မိုးရေချိန် မီလီမီတာ ၈၀၀ ခန့်ရှိသည်ဟု တောင်ကိုရီးယားမီဒီယာကဖော်ပြထားသည်။

ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများကြောင့် ယမန်နေ့ညနေပိုင်းအထိ ၁၀ ဦး သေဆုံးကြောင်းအတည်ပြုထားပြီး အခြားလေးဦး ပျောက်ဆုံးလျက်ရှိကာ  ဒေသခံ ၂၀၀၀ ကျော်ဘေးလွတ်ရာသို့ရွှေ့ပြောင်းခဲ့သည်ဟု သိရသည်။

ဂျီအွန်ဂီပြည်နယ်ရှိ ဂတ်ယောင်ဒေသတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေအိမ်များပျက်စီးပြီး ယမန်နေ့မနက်ပိုင်းက မော်တော်ယာဉ်တစ်စီးမျောပါသွားကာ နှစ်ဦးသေဆုံးပြီး အခြားငါးဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို