နေပြည်တော် ဩဂုတ် ၂
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့တွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များလိုက်ပါ၍ ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့၊ ကေတုမတီမြို့ဟောင်း ရှေးဟောင်းယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်နေရာများ ပြုပြင်ထိန်းသိမ်းရေးဆောင်ရွက်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ရန်ကုန်- မန္တလေးလမ်းဟောင်းအတိုင်း နေပြည်တော်မှ တောင်ငူမြို့သို့ထွက်ခွာခဲ့ကြပြီး လမ်းဘေးဝဲယာတစ်လျှောက် စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် လူနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
တောင်ငူမြို့၊ ကေတုမတီမြို့ဟောင်း ရှေးဟောင်းယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်များဖော်ထုတ် ထိန်းသိမ်းလျက်ရှိမှု
ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် တောင်ငူမြို့သို့ရောက်ရှိကြပြီး တောင်ငူမြို့၊ ကေတုမတီမြို့ဟောင်း အရှေ့ဘက်ကျုံးနေရာရှိ ယိုးဒယားပေါက်နေရာ၊ အနောက်ဘက်မြို့ရိုးနေရာရှိ မြို့ရိုးတူးဖော်ထိန်းသိမ်းထားရှိမှုနှင့် ရေကျုံးနေရာနှင့် မြို့ရိုးအပြင်ပတ်လမ်းတစ်လျှောက် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် မင်းကြီးညို (အေဒီ ၁၄၈၅ - ၁၅၃၁) တည်ထောင်ခဲ့သည့် တောင်ငူမြို့၊ ကေတုမတီမြို့ဟောင်း ရှေးဟောင်းမြို့ရိုးနှင့် ကျုံးတူးဖော်သုတေသနပြုလုပ်ငန်းများကို အောင်မြင်အောင် အကောင်အထည်ဖော် ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မြို့ဟောင်းအဝင် တံတားနေရာများနှင့် တံတားပုံစံများကိုလည်း ပြန်လည်ဆန်းစစ် ဖော်ထုတ်လေ့လာသွားရန်လိုပြီး တည်ဆောက်၍ ရနိုင်သည့်နေရာများတွင် တည်ဆောက်သွားရန်လိုကြောင်း၊ ပြောင်းရွှေ့ရန်လိုအပ်သည့် ဝန်ကြီးဌာန အဆောက်အအုံများကို ပြောင်းရွှေ့သွားရန်လိုကြောင်း၊ သတ်မှတ်ထားသည့် ယဉ်ကျေးမှုအမွေအနှစ်နေရာများကို ဥပဒေနှင့်အညီ စနစ်တကျထိန်းသိမ်း ဆောင်ရွက်သွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို မှာကြားသည်။
တောင်ငူမြို့ရှောင် ရထားလမ်းဖောက်လုပ်ခြင်းလုပ်ငန်းဆောင်ရွက်နေမှု
ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် တောင်ငူဘူတာသို့ရောက်ရှိကြရာ ဘူတာရုံရှင်းလင်းဆောင်၌ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးက တောင်ငူမြို့ရှောင်ရထားလမ်း ဖောက်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများနှင့် ပတ်သက်၍ ရထားလမ်းအူကြောင်းနှင့် ရထားလမ်းဆိုင်ရာအချက်အလက်များ၊ တောင်ငူဘူတာရုံအသစ် တည်ဆောက်ရန် လျာထားဆောင်ရွက်ထားရှိမှု၊ ရထားလမ်းနှင့် ဘူတာအဝင်ကားလမ်းနယ်နိမိတ်သတ်မှတ်မှု၊ ဖို့မြေလုပ်ငန်းဆောင်ရွက်သွားမည့် အစီအမံများနှင့် လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ရထားလမ်းနှင့် ဘူတာရုံအသစ်တည်ဆောက်ရာတွင် အစကောင်းမှ အနှောင်းသေချာဟူသည့်အတိုင်း ရေရှည်တည်တံ့ကောင်းမွန်စေရေး သတ်မှတ်စံချိန်စံညွှန်းများအတိုင်း လုပ်ငန်းစဉ်အဆင့်အလိုက် အရည်အသွေးပြည့်မီအောင် တည်ဆောက်သွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို မှာကြားသည်။
နေပြည်တော် - ရန်ကုန် အမှတ် (၈) အစုန် DEMU လူစီးအမြန်ရထားခရီးစဉ်အတိုင်း ခရီးသွားပြည်သူများနှင့်အတူ လိုက်ပါစီးနင်း
ဆက်လက်၍ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် ဇနီးဒေါ်ကြူကြူလှ၊ ခရီးစဉ်တွင်လိုက်ပါလာကြသည့် အဖွဲ့ဝင်များသည် နေပြည်တော်မှ ထွက်ခွာလာသည့် နေပြည်တော်-ရန်ကုန် အမှတ် (၈) အစုန် DEMU လူစီးအမြန်ရထားပေါ်တွင် စီးနင်းလိုက်ပါလာသည့် ခရီးသွားပြည်သူများနှင့်အတူ တောင်ငူဘူတာမှ ရန်ကုန်ဘူတာကြီးအထိ ရထားလမ်းပိုင်းတစ်လျှောက် လိုက်ပါစီးနင်းသည်။
ကြည့်ရှုစစ်ဆေး
ထိုသို့လိုက်ပါစီးနင်းစဉ် ရထားလမ်းပိုင်းကြံ့ခိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ရထားတွဲဆိုင်းများအတွင်း ခရီးသွားများ လိုက်ပါစီးနင်းလျက်ရှိမှုအခြေအနေများ၊ ရထားဖြင့်သွားလာလျက်ရှိသည့် ခရီးသွားပြည်သူများ ရထားစီးနင်းရာတွင် စိတ်လက်ချမ်းသာစွာဖြင့် စီးနင်းလိုက်ပါနိုင်ရေး မြန်မာ့မီးရထားမှ ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးထားမှုအခြေအနေများနှင့် ထပ်မံဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ်မည့် အခြေအနေများ၊ ရထားလမ်းဘေးဝဲယာရှိ စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် မြို့ပြနှင့်ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ရထားလမ်းများ ကြံ့ခိုင်မှုရှိစေရေးနှင့် စနစ်တကျဖြစ်စေရေး စဉ်ဆက်မပြတ် ဆောင်ရွက်သွားရန်လိုကြောင်း၊ ရထားလမ်းဘေး ဝဲ/ ယာ တစ်လျှောက် သန့်ရှင်းသာယာလှပပြီး ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ ရထားလမ်းဘေးရှိ လယ်ယာမြေများကို စနစ်ကျနသည့် လယ်ယာမြေများအဖြစ် ဖော်ထုတ်ဆောင်ရွက်သွားရန် လိုကြောင်း၊ ဘူတာယာဒ်ဝင်းနှင့် ဘူတာရုံများ စနစ်တကျဖြစ်စေရေးနှင့် သန့်ရှင်းသာယာမှုများ ရှိစေရေးဆောင်ရွက်သွားရန်လိုကြောင်း၊ ရထားလမ်းနယ်များအတွင်း စိမ်းလန်းစိုပြည်သာယာပြီး မျက်စိပသာဒဖြစ်စေသည့် သစ်တောငယ်များကို စိုက်ပျိုးသွားရန်လိုကြောင်း၊ မီးရထားဖြင့် သွားလာလျက်ရှိသည့် မီးရထားစီးပြည်သူများ စိတ်လက်ချမ်းသာစွာဖြင့် စီးနင်းလိုက်ပါနိုင်ရေးနှင့် ပြည်တွင်း ပြည်ပခရီးသွားများအား ဆွဲဆောင်မှုရှိစေရေး၊ Public Transportation ဖြစ်သည့် ရထားပို့ဆောင်ရေးအပေါ် ပြည်သူများအားထားမှု ပိုမိုမြင့်တက်လာစေရေး ဆောင်ရွက်သွားကြရန်လိုကြောင်း မှာကြားသည်။
ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်
ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌသည် ရထားခရီးစဉ်တွင် အတူစီးနင်းလိုက်ပါလာသည့် ခရီးသွားပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။
ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် ဇနီးနှင့် ခရီးစဉ်တွင်လိုက်ပါလာကြသည့် အဖွဲ့ဝင်များသည် ရန်ကုန်ဘူတာကြီးသို့ ရောက်ရှိကြပြီး မီးရထားဝန်ထမ်းများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။
အဆိုပါ DEMU လူစီးအမြန်ရထားတွဲအသစ်များကို ရန်ကုန်-နေပြည်တော် ရထားလမ်းပိုင်းတွင် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်မှစ၍ ရန်ကုန်-နေပြည်တော်၊ နေပြည်တော်-ရန်ကုန် ရထားများ စတင်ပြေးဆွဲခဲ့ပြီး ပြေးဆွဲချိန် ၅ နာရီခွဲခန့် ကြာမြင့်ကြောင်း၊ ထိုသို့ DEMU လူစီးအမြန်ရထားတွဲ အသစ်များပြေးဆွဲနိုင်ခဲ့သဖြင့် ရထားလမ်းပိုင်းတစ်လျှောက် ခရီးသွားပြည်သူများအနေဖြင့် မိမိတို့ သွားလိုရာခရီးသို့ အချိန်တိုအတွင်း စိတ်အေးချမ်းသာစွာ၊ ဈေးနှုန်းသက်သာစွာဖြင့် စီးနင်းသွားလာလျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်


