ခရမ်းစိုးမြင့်
မိတ္ထီလာ-တောင်ကြီး-ကျိုင်းတုံ-တာချီလိတ်
ပြည်ထောင်စုလမ်းမကြီးဆီသို့
ကျွန်တော်တို့အဖွဲ့ သံလွင်တံတား(တာဆန်း)မှ ပြန်တော့ နေအတော်စောင်းနေပြီဖြစ်သည်။ ကျွန်တော့် အသက် ၅၀ ခန့်က တာချီလိတ်နှင့် ကျိုင်းတုံသို့ သတင်း ကိစ္စနှင့် ရောက်ခဲ့ဖူးသည်။ လေယာဉ်နှင့် ရန်ကုန်မှ လာခဲ့ခြင်းဖြစ်သည်။ ပြပွဲသတင်းများ လာရေးနေတာ ဖြစ်၍ တာချီလိတ်နှင့် ကျိုင်းတုံတွင် ရက်ကြာခဲ့သည်။
ပြပွဲတွေပြီးလို့ တာချီလိတ်က ပြန်ခါနီးမှာ ကျွန်တော် ရန်ကုန်ကို ကားနှင့်ပြန်ချင်သည်ပြောတော့ ဒေသခံ ကျွန်တော့်မိတ်ဆွေတစ်ဦးက "ကားလမ်းမှာ ဓားပြတိုက် တာတွေရှိတယ်ဗျ"ဟု ဆိုသည်။ အဲဒီအချိန်တုန်းက ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ လမ်းပန်းဆက်သွယ်ရေး ဆိုတာ လုံခြုံချောမွေ့မှု မရှိသေး။
ယခုတော့ ထိုသို့မဟုတ်ပြီ။ ကျွန်တော်တို့အဖွဲ့ မိုင်း ဆတ်မှ ပြန်ရောက်တော့ မိုးစုန်းစုန်းချုပ်နေပြီဖြစ်သည်။ ဒါပေမယ့် တစ်ဖွဲ့လုံး ခလုတ်မထိ၊ ဆူးမငြိကြပေ။ မိုင်း ဆတ် လမ်းဦးစီးဌာန ရိပ်သာတွင် ထိုညကအိပ်သည်။ မနက်မိုးလင်း စောစောထပြီး အဆာပြေစားကာ ကား တစ်စီးဖြင့် မိုင်းဆတ်ကနေ ထွက်ခဲ့ကြသည်။ ရှမ်းပြည်နယ်အရှေ့ပိုင်း၏မြို့တော် ကျိုင်းတုံသို့ ဖြစ်သည်။
ရှမ်းပြည်နယ် အရှေ့ပိုင်းသည် စတုရန်းမိုင် ၁၅၃၅၅ ဒသမ ၈၀ ကျယ်ဝန်းသည်။ မြို့တော်ကျိုင်းတုံကို ပင်လယ် ရေမျက်နှာပြင်အထက် ပေ ၂၇၁၀ တွင် တည်ထားပြီး လူဦးရေ ၈၅၆၈၄၃ ဦး ရှိသည်ဟု သိရသည်။ လမ်းဦးစီး ဌာနပိုင် လမ်းမိုင် ၁၂၁၈ မိုင် ၄ ဖာလုံရှိပြီး ကျိုင်းတုံခရိုင် တစ်ခုတည်း၌ BOT လမ်းအပါအဝင် လမ်းပေါင်း ၁၂ လမ်း၊ လမ်းအရှည် ကီလိုမီတာပေါင်း ၅၆၁ ဒသမ ၀၇၈ ကီလိုမီတာ ရှိသည်။
ကျိုင်းတုံအရောက်တွင် ရှမ်းအရှေ့ လမ်းဦးစီးဌာန ဧည့်ရိပ်သာ၌ ညွှန်ကြားရေးမှူး ဦးသူရဇော်ကို တွေ့ဆုံ နှုတ်ဆက်ပြီး လမ်းအထူးအဖွဲ့(၃)မှ ဒုညွှန်မှူး ဦးတင်ဆောင်၊ မက်မန်းခရိုင်မှ လက်ထောက်ညွှန်ကြား ရေးမှူး ဦးသိန်းဇော်ဦး၊ ကျိုင်းတုံခရိုင်မှ လက်ထောက် ညွှန်ကြားရေးမှူး ဦးကောင်းဇံတို့နှင့်အတူ ကျွန်တော်သည် မိတ္ထီလာ-တောင်ကြီး-ကျိုင်းတုံ-တာချီလိတ် ပြည်ထောင်စု လမ်းမကြီးနှင့် မက်မန်းခရိုင် လမ်းပိုင်းဖြစ်သည့် မိုင်း ပျဉ်း-မက်မန်းလမ်းသို့ ခရီးဆက်ခဲ့သည်။
ရှေးဦးစွာ မိတ္ထီလာ-တောင်ကြီး-ကျိုင်းတုံ-တာချီ လိတ် ပြည်ထောင်စုလမ်းမကြီးမှ ကျိုင်းတုံခရိုင်နှင့် လမ်း အထူးအဖွဲ့(၃)ပိုင်သည့် အပိုင်းကိုဝင်ရောက်၍ စက်ကြီး များဖြင့် တောင်ဖဲ့ လမ်းချဲ့နေပုံများကို ဓာတ်ပုံရိုက်ခဲ့ပြီး မိုင်းပျဉ်းသို့ ခရီးဆက်သည်။
ကျိုင်းတုံ-မိုင်းခတ်-မိုင်းယန်းလမ်း
ကျိုင်းတုံခရိုင်လမ်းဦးစီးက တာဝန်ယူပြီး ပြုပြင် ထိန်းသိမ်းထားသော ကျိုင်းတုံ-မိုင်းခတ်-မိုင်းယန်းလမ်း ကိုလည်း ကျွန်တော် သွားခဲ့သေးသည်။ အဲဒီခရီးကိုတော့ ကျိုင်းတုံကနေ သွားခြင်းဖြစ်သည်။ ကျိုင်းတုံခရိုင် လမ်း ဦးစီးမှ အမျိုးသမီးလက်ထောက်အင်ဂျင်နီယာ လာခေါ် သောကားနှင့် လိုက်ခဲ့ပြီး ပထမဆုံးရောက်မည့်မြို့က မိုင်းခတ်ဟု ဆိုသည်။ လမ်းခရီး၌ တစ်ထောက်နားသည့် ရှမ်းရွာကလေးတစ်ရွာတွင် မိုင်းခတ် လက်ထောက် အင်ဂျင်နီယာက လာကြိုသည်။ အမျိုးသမီး လက်ထောက် အင်ဂျင်နီယာပဲဖြစ်သည်။ မကြာခင်မှာပင် မိုင်းခတ်သို့ ရောက်သွားသည်။
ကျိုင်းတုံကနေ မိုင်းခတ်ကို ၃၂ ဒသမ ၈၉ ကီလိုမီတာ ဝေးသော်လည်း ချောမွေ့နေသော နိုင်လွန်ကတ္တရာလမ်း ဖြစ်၍ ခဏလေးနှင့် ရောက်ခဲ့သည်။ ဒါကြောင့် ကျွန်တော့် ကို အမျိုးသမီး လက်ထောက်အင်ဂျင်နီယာများက လိုက်ပို့ခြင်းဖြစ်မည်ဟု ကျွန်တော်ထင်လိုက်သည်။ လိုက်ပို့သည့်ကားကလည်း ဆလွန်းကား။ မိုင်းယန်း ဆက်သွားမည်၊ မိုင်းခတ်မှာ ထမင်းပြန်စားမည်ဟု ပြောသည်။ မိုင်းခတ်မြို့နယ်က ပိုင်သည့်ကားလမ်းသည် ၅၁ ဒသမ ၆ ကီလိုမီတာ၊ အသွားအပြန်ဆို ကီလိုမီတာ ၁၀၀ ကျော်။ ကျွန်တော် နှစ်ရက်သွားခဲ့သည့်လမ်းတွေမှာ ကီလိုမီတာ ၁၀၀ ဝန်းကျင်ဆိုလျှင် တစ်နေ့လုံးသွားခဲ့ရ သည့် ခရီးဖြစ်သည်။ ဒါဆို ဒီလမ်းက။
ကျိုင်းတုံ-မိုင်းခတ်-မိုင်းယန်းလမ်းသည် ၁၁၁ ဒသမ ၄၄၇ ကီလိုမီတာ ရှိသော်လည်း ကျိုင်းတုံမှ မိုင်းယန်းအထိ နိုင်လွန်ကတ္တရာခင်းထား၍ ရှမ်းပြည်နယ်အရှေ့ပိုင်း၌ အကောင်းဆုံး တောင်ပေါ်ကားလမ်းတစ်လမ်းဟု ဆိုရ မည်ဖြစ်သည်။
အဆိုပါ ကျိုင်းတုံ-မိုင်းခတ်-မိုင်းယန်း ကားလမ်း သည် ရှမ်းပြည်နယ်အရှေ့ပိုင်း၏ မဟာဗျူဟာလမ်းဟု သိရပြီး မူလက နွေရာသီသွားလမ်းသာရှိ၍ ၁၉၇၇ ခုနှစ်မှ စတင်ကာ ရာသီမရွေးသွားလာနိုင်သည့် လမ်းအဖြစ် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ယင်းလမ်းတွင် တောတောင် ထူထပ်ခြင်း၊ တောင်များ မြင့်မားမတ်စောက်ခြင်း၊ နန့်လွေ ချောင်းကမ်းပါးတစ်လျှောက် ဖောက်လုပ်ထားသော ကြောင့် တောင်ကျရေ ပြင်းထန်စွာကျခြင်း၊ တောင်ပြိုပြီး လမ်းပိတ်ခြင်း၊ လမ်းသားပြတ်တောက်ခြင်း၊ ကမ်းပါး ပြိုကျခြင်း၊ တံတားများ ရေတိုက်စားခြင်းတို့ကို ခံရလေ့ ရှိပြီး ကားလမ်းပြတ်တောက်မှုများ မကြာခဏဖြစ်ပေါ် လေ့ရှိသောလမ်း ဖြစ်ခဲ့သည်ဟု သိရသည်။
ထိုအခြေအနေမျိုးတွင် ၂၀၀၀ ပြည့်နှစ် ၃ လပိုင်းမှ စ၍ မဟာဗျူဟာကော်မတီက အထူးဒေသ(၂)သို့ တာဝန် ယူဆောင်ရွက်ရန် ညွှန်ကြားခဲ့သဖြင့် အထူးဒေသ(၂)က လမ်းတာပေါင်မြှင့်တင်ခြင်း၊ လမ်းချဲ့ခြင်း၊ ကျောက်ရော မြေ အမာခံခင်းခြင်းစသော တိုးတက်ပြုပြင်မှုများ ဆောင် ရွက်ခဲ့ပြီး ၁၀-၈-၂၀၁၄ ရက်နေ့တွင် မဟာဗျူဟာ ကော်မတီ၏ ဆုံးဖြတ်ချက်ဖြင့် ဆောက်လုပ်ရေးဝန်ကြီး ဌာန ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း (ယခု လမ်းဦးစီးဌာန)က လွှဲပြောင်းတာဝန်ယူ ဆောင်ရွက်ခဲ့ သဖြင့် နိုင်လွန်ကတ္တရာလမ်းနှင့် ကတ္တရာလမ်းအဆင့် ရောက်သွားပြီး မိုင်းယန်း၊ ဆီလူး၊ မိုင်းပေါက်၊ မိုင်းလား စသည့် ဒေသများနှင့် ရာသီမရွေး ဆက်သွယ်သွားလာ နိုင်နေပြီဖြစ်သည်။
မက်မန်းခရိုင်သို့
ရှမ်းပြည်နယ်သည် တောင်ပိုင်း-မြောက်ပိုင်း၊ အရှေ့ ပိုင်းဟူ၍ သုံးပိုင်းရှိပြီး အရှေ့ပိုင်းတွင် ကျိုင်းတုံခရိုင်၊ တာချီလိတ်ခရိုင်၊ မိုင်းဆတ်ခရိုင်နှင့် မက်မန်းခရိုင်ဟူ၍ လေးခရိုင်ရှိသည်။ မက်မန်းခရိုင်သည် တောတောင်အထပ် ထပ်၏ ကာရံမှုအောက်တွင်ရှိသော ဒေသဖြစ်၍ ကြည့် လေရာနေရာတိုင်း အေးမြသာယာနေပြီး ဆောင်းတွင်း ဆိုလျှင် နှင်းတို့က နေရာတိုင်း၌ ပိန်း ပိတ်အောင် ကျနေ တတ်၏။ ၁၉၈၀ ပြည့်နှစ် ဝန်းကျင်လောက်ကမှ မြန်မာ့ တပ်မတော်က ဗကပများလက်မှ သိမ်းပိုက်စိုးမိုးနိုင်ခဲ့ပြီး ၂၀၀၂ ခုနှစ်မှစ၍ မြို့အဖြစ် သတ်မှတ်ကာ ဒေသဖွံ့ဖြိုးရေး ကို ဆောင်ရွက်ခဲ့ရသော မြို့တစ်မြို့ဖြစ်သည်။
"မော်ဖဒေသ" ခေါ် မက်မန်းခရိုင်သို့သွားရန် ကျွန်တော် တို့သည် ကျိုင်းတုံမှ ကားနှစ်စီးဖြင့် ထွက်ခဲ့ကြသည်။ ကျွန်တော်က ကျိုင်းတုံ အင်ဂျင်နီယာ ကားဖြင့် လိုက်ခဲ့ပြီး မက်မန်းနှင့် လမ်းအထူးအဖွဲ့(၃)မှ အင်ဂျင်နီယာ တို့က ကားတစ်စီးတည်း စီးသည်။
မက်မန်းဟုဆိုသော်လည်း ကျိုင်းတုံမှ ၆၅ မိုင် ဝေးသည့် မိုင်းပျဉ်းကို အရင်သွားရပြီး မိုင်းပျဉ်းမှတစ်ဆင့် မက်မန်းသို့ သွားရသည်။ ကျိုင်းတုံမှ ထွက်လာကတည်းက နောက်ကျသောကြောင့် မိုင်းပျဉ်း ကို ညနေ ၆ နာရီမှ ရောက်သည်။ ရှေ့၌ တစ်ထောက် နားစရာမရှိဘဲ မက်မန်းခရိုင်သို့လည်း မိုးမချုပ်ခင် မရောက်နိုင်သဖြင့် မိုင်းပျဉ်းရှိ လမ်းအထူးအဖွဲ့(၃)ဧည့်ရိပ်သာ၌ ကျွန်တော်တို့အဖွဲ့ ညအိပ်ကြရသည်။
မနက်မိုးလင်းလျှင် အဆာပြေ ရှမ်းခေါက်ဆွဲစားပြီး မက်မန်းသို့ ခရီးဆက်ကြသည်။ မက်မန်းအရောက်ဆို ကျွန်တော်တို့ ၇၅ ဒသမ ၄၃၃ ကီလိုမီတာ ကားမောင်း ရဦးမည်ဖြစ်သည်။ တောင်တန်းဒေသလမ်းဖြစ်၍ အကွေ့ အကောက် ချောက်ကမ်းပါး ပေါသော လမ်းဖြစ်သည်။ အစက တပ်မတော် စစ်အင်ဂျင်နီယာတပ်ရင်းက ဖောက် လုပ်ထားသည့် နွေရာသီသာသွားလာနိုင်သော လမ်းဖြစ် ပြီး ၁၇-၂-၂၀၁၉ ရက်နေ့တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန က လုပ်ငန်းလွှဲပြောင်းရယူကာ ၂၀၀၉-၂၀၁၀ ဘဏ္ဍာနှစ်မှ စ၍ ယနေ့အထိ ကျိုင်းတုံခရိုင်နှင့် မက်မန်းခရိုင် လမ်း ဦးစီးတို့က ရာသီမရွေးသွားလာနိုင်ရန် တာဝန်ယူ ပြုပြင် ခဲ့သဖြင့် ကတ္တရာလမ်း၊ ကွန်ကရစ်လမ်း၊ ကျောက်လမ်း နှင့် အမာခံလမ်းတို့ ဖြစ်နေပြီဟု သိခဲ့ရသည်။
မိုင်းပျဉ်းမှ ထွက်ခဲ့ပြီးနောက် ရှမ်းရွာကလေး ၁၁ ရွာ နှင့် နမ့်ရချောင်း၊ နမ့်ကျွတ်ချောင်း၊ နမ့်ဆင်းချောင်း၊ နမ့် နန်းချောင်း စသည့် တောင်ပေါ်ချောင်းလေးချောင်းကို ဖြတ်ကျော်ပြီး မက်မန်းသို့ ကျွန်တော်တို့ ရောက်သွားသည်။
မက်မန်းမြို့နယ်သည် မြောက်ဘက်တွင် ပန်ဆန်း မြို့နယ်၊ အရှေ့ဘက်တွင် မိုင်းခတ်မြို့နယ်၊ တောင်ဘက် တွင် မိုင်းပျဉ်းမြို့နယ်၊ အနောက်ဘက်တွင် တန့်ယန်းနှင့် မိုင်းရှူးမြို့နယ်တို့နှင့် နယ်နိမိတ် ထိစပ်လျက် တည်ရှိ သည်။ မက်မန်းမြို့နယ်သည် တောင်မြောက်အလျား ၄၂ မိုင်၊ အရှေ့အနောက်အနံ မိုင် ၃၀ ကျယ်ဝန်းပြီး အမြင့်ပေ ၅၁၈၀ တွင် မြို့တည်ထားသည်။ မြို့နယ်အတွင်း အမြင့် ဆုံးတောင်မှာ လွယ်လမ်းတောင်ဖြစ်ပြီး ၇၆၁၃ ပေမြင့် သည်။ အခြား ထင်ရှားသော တောင်များမှာ လွယ်ဟိုလာ တောင် ၇၁၂၃ ပေ၊ လွယ်မီးတောင် ၆၁၀၃ ပေတို့ဖြစ် သည်။
မက်မန်းမြို့နယ်သည် အေးမြစိုစွတ်သော ရာသီ ဥတုရှိပြီး မြို့အရှေ့ဘက်မှစီးဆင်းသော နန်းခချောင်း သည် မြို့နယ်၏ အနောက်ဘက်ရှိ သံလွင်မြစ်ထဲသို့ မိုင်းပျဉ်းမြို့နယ်အစပ်တွင် စီးဝင်သွားသည်။
မက်မန်းမြို့နှင့် မြို့နယ်၏ သမိုင်းအကျဉ်း
မက်မန်းမြို့နယ်တွင် လွယ်လ ၂၂၁၃၁ ဦး၊ လားဟူ ၇၃၅၆ ဦး၊ ရှမ်း ၄၀၀၂ ဦး၊ အခြားတိုင်းရင်းသား ၁၀၀ ခန့် နေထိုင်ကြပြီး စုစုပေါင်းလူဦးရေ ၃၃၅၇၉ ဦး ဖြစ်သည်။ လွယ်လလူမျိုးအများစု နေထိုင်သည့် မြို့နယ်ဖြစ်သည်။
ယခင်ကမက်မန်းမြို့နယ်သည် ပန်ယန်းမြို့နယ်တွင် ပါဝင်ခဲ့ပြီး ပန်ယန်းမြို့နယ်တစ်ခုလုံးကို ဒေသခံတိုင်းရင်း သား လူမျိုးများက "မော်ဖဒေသ"ဟု ခေါ်ဝေါ်ခဲ့ကြောင်း သိရသည်။ ယခုထိပင်လျှင် အချို့ကျေးလက်နေ တိုင်းရင်း သားများသည် မော်ဖဒေသဟု ခေါ်ဝေါ်သုံးစွဲလျက်ရှိ ကြောင်း တွေ့ရသည်။
အင်္ဂလိပ်နယ်ချဲ့လက်အောက်တွင် မက်မန်းမြို့နယ်၌ အတည်တကျ စီးပွားရေးလုပ်ငန်းအဖြစ် လက်ဖက် စိုက်ပျိုးခဲ့ပြီး အချို့ဒေသများတွင် ယခုအထိ လက်ဖက် ပင်များ ရှင်သန်လျက်ရှိသည်ကို တွေ့ရသည်။
နိုင်ငံတော်အစိုးရနှင့် မက်မန်းဒေသ
၁၉၈၀ ပြည့်နှစ်ဝန်းကျင် ရောက်သောအခါ မြန်မာ့ တပ်မတော်က ဤဒေသကို စိုးမိုးနိုင်ရန် စစ်ဆင်ရေး စတင်ခဲ့သည်။ ထိုသို့ မြန်မာ့တပ်မတော်က ဗကပများအား စစ်ဆင်တိုက်ခိုက်ရာတွင် ဒေသခံများက တက်တက် ကြွကြွ ပါဝင်ပူးပေါင်း၍ တိုက်ခိုက်ကြသည်။ ဗကပတို့ အင်နှင့်အားနှင့် အခြေပြုထားသော ဤဒေသကို တပ်မတော်မှ အသက်၊ သွေး၊ ချွေး မြောက်မြားစွာ ပေးဆပ်ပြီးမှရခဲ့သည်ဟုဆိုသည်။ စစ်ဆင်ရေး အောင်မြင် ပြီးချိန်တွင် ယခင် ပြောင်းရွှေ့သွားကြသည့် တိုင်းရင်းသား များ မက်မန်းမြို့နယ်သို့ ပြန်လည်ဝင်ရောက် နေထိုင်လာ ကြသဖြင့် တပ်မတော်က နယ်မြေများထိန်းချုပ်ပြီး ပညာ ရေး၊ ကျန်းမာရေး၊ ဘာသာရေးစသည့် အဘက်ဘက် တွင် ခေတ်နောက်ကျနေမှုကို တိုးတက်အောင် ဆောင် ရွက်ပေးခဲ့သည်။
မက်မန်းမြို့နယ်သည် လက်ရှိအနေအထားတွင် ကျေးရွာအုပ်စု ၂၈ အုပ်စု၊ ရပ်ကွက်နှစ်ခုဖြင့် ဖွဲ့စည်းထားပြီး နိုင်ငံတော်က အပြည့်အဝစီမံခန့်ခွဲ အုပ်ချုပ်လျက်ရှိသည်။
ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်မှုအကျဉ်း
ပညာရေး တိုးတက်စေရန် အထက(ခွဲ) တစ်ကျောင်း၊ မူလွန်ကျောင်း တစ်ကျောင်းနှင့် မူလတန်းကျောင်း ၁၈ ကျောင်းကိုလည်းကောင်း၊ ကျန်းမာရေးကဏ္ဍတွင် ၁၆ ခုတင်ဆံ့ ဆေးရုံနှစ်ရုံနှင့် ကျေးလက်ဆေးပေးခန်း ရှစ်ခုကို လည်းကောင်း ဖွင့်လှစ်ထားသည်။ ဘာသာရေးကဏ္ဍတွင် မင်းရန်အောင်စေတီနှင့် ပညာဒီပ သာသနာပြု ဘုန်းတော် ကြီးကျောင်းအပါအဝင် ဘုန်းတော်ကြီးကျောင်းများဖြင့် သာသနာပြုလျက်ရှိသည်။ လမ်းပန်းဆက်သွယ်ရေးအနေ ဖြင့် မိုင်းပျဉ်း-တာကော်လေး-မက်မန်း မြေသားလမ်းကို လည်းကောင်း၊ ဝိန်နောင်-နန်းဟာနူ-မက်မန်း မြေသား လမ်းကိုလည်းကောင်း ဖောက်လုပ်ပေးနိုင်ခဲ့၍ ဒေသခံ များ သွားလာရေး အဆင်ပြေစေခဲ့သည်။ လျှပ်စစ်ကဏ္ဍ တွင် မက်မန်းမြို့၊ တာကော်လေးရွာ၊ ဆွတ်ဝိုးရွာ၊ ရောင်အူ 'ဝ'ရွာ၊ မင်းရန်အောင်ရွာ၊ မော်ဝမ်းရွာများ၌ ဓာတ်အားပေး စက်များဖြင့် လျှပ်စစ်ဓာတ်အားပေးလျက်ရှိသည်။
မက်မန်းမြို့နယ်သည် ၂၀၀၂ ခုနှစ် ဇူလိုင် ၃၀ ရက်က တရားဝင်မြို့နယ်အဖြစ် သတ်မှတ်ခံရပြီးဖြစ်သည်။ မြို့နယ်၏ သက်တမ်းနုသော်လည်း ဒေသဖွံ့ဖြိုးရေးတွင် အတော်ခရီးပေါက်နေသည့် မြို့နယ်ဖြစ်သည်။ မကြာမီ ကာလတွင် ဤမြို့နယ်သည် အခြားမြို့နယ်များနည်းတူ ဖွံ့ဖြိုးတိုးတက်မည်ဟု ကျွန်တော် ယုံကြည်သည်။
အချုပ်အားဖြင့် တင်ပြရလျှင် ရှမ်းပြည်နယ်အရှေ့ပိုင်း ဒေသတစ်ခုလုံးသည် ၁၅၃၅၅ ဒသမ ၈ စတုရန်းမိုင် ကျယ်ဝန်းပြီး တောင်တန်းတောင်စွယ်အသွယ်သွယ် ဝန်းရံကာ ရှုကြည့်လေရာတိုင်း၌ အမြဲစိမ်းသစ်တောကြီး များဖြင့် လှနေသော ဒေသကြီးဖြစ်သည်။ ထိုဒေသကြီး အတွင်း တိုင်းရင်းသားပြည်သူအချင်းချင်း ဆုံတွေ့နိုင်ရေး အတွက် လမ်းပန်းဆက်သွယ်မှုသည် အလိုအပ်ဆုံးဖြစ်ရာ ထိုအချက်ကို ရှမ်းပြည်နယ်အရှေ့ပိုင်း လမ်းဦးစီးဌာနက ဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိနေပေသည်။ ။
မြန်မာ့အလင်း


