ရန်ကုန် ၅ မတ် 

 


မြန်မာနိုင်ငံတွင် ဘေးအန္တရာယ်ကျရောက်နေသော သတ္တဝါမျိုးစိတ်ပေါင်း ၃၃၁ မျိုးရှိကြောင်း ထိုအထဲတွင် ငှက်မျိုးစိတ်များ၊ မျောက်ဝံများ၊ နွားလားများ၊ အာရှဆင်၊ Eld မျိုးစိတ်သမင်များ၊ ရေချိုလိပ်များ၊ သင်းခွေချပ်များနှင့် ကျားများပါဝင်ကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာသမဂ္ဂ (IUCN) Red List နောက်ဆုံးအစီရင်ခံစာအရ သိရသည်။

 


ထို့အပြင် မြန်မာနိုင်ငံရှိ ဘေးမဲ့ကန့်သတ်ထားသော နေရာများ၏ ၇၀ ရာခိုင်နှုန်းခန့်တွင် အမဲလိုက်သတ်ဖြတ်မှုများကို တွေ့ရှိနေရသည်ဟု ယနေ့မွန်းလွဲပိုင်းက  ကမ္ဘာအေးဘုရားလမ်းရှိ Goethe Villa ၌ ကျင်းပသည့် ပြည်တွင်း ဥရောပသမဂ္ဂက ထုတ်ပြန်သော တရားမဝင် တောရိုင်းတိရစ္ဆာန် ရောင်းဝယ်ဖောက်ကားမှု အဆုံးသတ်ရေးနှင့် စပ်လျဉ်းသည့် “ကျားထက် သာလွန်၍” အစီရင်ခံစာ ထုတ်ပြန်ခြင်း အခမ်းအနားမှ  သိရသည်။

 


သို့သော် မြန်မာနိုင်ငံ၏ တောရိုင်းတိရစ္ဆာန်များနှင့် ဇီဝမျိုးစုံ မျိုးကွဲတို့ကို ကာကွယ်စောင့်ရှောက်ရန် အားဖြည့်ဆောင်ရွက်ခဲ့မှုများအပေါ် မြန်မာအစိုးရအား ဥရောပသမဂ္ဂ သံတမန်အကြီးအကဲများနှင့်တကွ အဖွဲ့ဝင်နိုင်ငံများက ဂုဏ်ပြုချီးကျူးကြောင်းကိုလည်း မတ် ၃ ရက်တွင် ကျရောက်သည့် ကမ္ဘာ့တောရိုင်းတိရစ္ဆာန်များနေ့တွင် ဥရောပသမဂ္ဂ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။   

 


မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံအမတ်ကြီး Kristian Schmidt က “မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝှမ်းလုံးမှာရှိတဲ့ တောရိုင်းတိရစ္ဆာန်တွေကို မျိုးသုဉ်းမပျောက်ကွယ်အောင် ကာကွယ်စောင့်ရှောက်ဖို့ ဥရောပသမဂ္ဂက ဆုံးဖြတ်ထားပါတယ်။ အနာဂတ်မျိုးဆက်တွေအတွက် မြန်မာ့အဖိုးတန်သဘာဝ အမွေအနှစ်တွေကို စောင့်ရှောက်ဖို့ မြန်မာနိုင်ငံရဲ့ ကြိုးစားအားထုတ်မှုတွေကို အင်တိုက်အားတိုက် ကူညီပေးသွားမှာပါ” ဟု ပြောသည်။

 


သားငှက်ထိန်းသိမ်းရေးအဖွဲ့ WCS ၏ ဌာနေဒါရိုက်တာ ဦးစောထွန်းက “တောရိုင်းတိရစ္ဆာန်ဆိုင်ရာ ရာဇဝတ်မှုတွေဟာ မြန်မာနိုင်ငံရဲ့ ရေ၊ မြေ၊ တောတောင်နဲ့ သစ်တောတွေကို လုံးဝပြောင်းလဲလိုက်ပါတယ်။ အဖိုးတန်ရှားပါး သတ္တဝါမျိုးစိတ်တွေလည်း တစ်နေ့တစ်ခြား လျော့ပါးလာနေပါတယ်။ ဒါတွေကို ထိထိရောက်ရောက် မနှိမ်နင်းရင် ကျွန်တော်တို့ရဲ့ အဖိုးတန်ရှားပါး သတ္တဝါမျိုးစိတ်တွေ မျိုးသုဉ်းပျောက်ကွယ် သွားပါလိမ့်မယ်။ အခုအစီရင်ခံစာမှာ မြန်မာနိုင်ငံနဲ့ မဟာမဲခေါင်ဒေသ အတွင်းမှာရှိတဲ့ နိုင်ငံတွေမှာ ဒီရာဇဝတ်မှုတွေ ပပျောက်သွားအောင် ဖြစ်နိုင်ချေရှိတဲ့ အကြံပြုချက်တွေ ထည့်သွင်းဖော်ပြထားပါတယ်” ဟု ဆိုသည်။

 

aa

 

တောရိုင်းတိရစ္ဆာန်ထွက် ပစ္စည်းများ တရားမဝင် ရောင်းဝယ်ဖောက်ကားနေမှုသည် မြန်မာနိုင်ငံနှင့် မဟာမဲခေါင်ဒေသရှိ ဇီဝမျိုးစုံမျိုးကွဲများအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုကြီးဖြစ်ကြောင်း၊ အဆိုပါဒေသအတွင်း အသက်အန္တရာယ် ခြိမ်းခြောက်ခံနေရသော ဇီဝမျိုးစုံ မျိုးကွဲပေါင်း ၇၉၅ ရှိပြီး ၎င်းတို့အနက်မှ မျိုးစိတ်ပေါင်း ၁၂၃ သည် အလွန်အကျွံ အမဲလိုက်ခြင်းနှင့် တရားမဝင်ကုန်သွယ်ခြင်း အန္တရာယ်များကြားတွင် ကျရောက်နေကြောင်း၊ ကမ္ဘာပေါ်ရှိ တောရိုင်းတိရစ္ဆာန်ထွက်ပစ္စည်းများ ရောင်းဝယ်ဖောက်ကားရာ ဈေးကွက်ကြီးများဖြစ်သည့် တရုတ်၊ ဗီယက်နမ်တို့နှင့်အတူ မဟာမဲခေါင်ဒေသအတွင်း နိုင်ငံများသည် တရားမဝင် တောရိုင်းတိရစ္ဆာန်ထွက် ပစ္စည်းများ သယ်ယူပို့ဆောင်ရာ၊ ရောင်းဝယ်ဖောက်ကားရာ ဈေးကွက်ကြီးတစ်ခုအဖြစ် ဖြစ်တည်လျက်ရှိကြောင်း ယနေ့ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

 


မြန်မာနိုင်ငံတွင် လက်ရှိအချိန်၌ မျိုးသုဉ်းမည့်အန္တရာယ်နှင့် ရင်ဆိုင်နေရသည့် ကျား၊ ဆင်၊ ပြောင်၊ ဝက်ဝံ၊ သင်းခွေချပ်၊ ရွှေသမင် စသည့် ရှားပါးသတ္တဝါများကို အမဲလိုက်သတ်ဖြတ်မှုများ လျော့ပါးရေး၊ တရားမဝင်ကုန်သွယ်မှုများ ပိုမိုတိုးမြှင့် လုပ်ဆောင်လာနေသည်ကို ပြည်သူများ ပိုမိုသိရှိလာစေရန် ထိန်းသိမ်းကာကွယ်မှုများ ဆောင်ရွက်ရေး၊ တရားမဝင်ကုန်သွယ်မှုများ တားဆီးနှိမ်နင်းရာတွင် ပိုမိုပူးပေါင်းပါဝင် လာစေရေးအတွက် မြန်မာနိုင်ငံတွင် ပထမဆုံး ဆင်ပြတိုက် ဖွင့်လှစ်ခြင်းနှင့်အတူ တောရိုင်းတိရစ္ဆာန် အစိတ်အပိုင်းများ ဒုတိယအကြိမ် ဖျက်ဆီးခြင်း အခမ်းအနားကို ကမ္ဘာ့တောရိုင်းတိရစ္ဆာန်နေ့ဖြစ်သည့် မတ် ၃ ရက်က ရန်ကုန်မြို့ သဘာဝသမိုင်းပြတိုက် တိရစ္ဆာန်ဥယျာဉ်၌ ကျင်းပခဲ့သည်။

 


ဒုတိယအကြိမ်ဖျက်ဆီးမည့် ဖမ်းဆီးရမိ တောရိုင်းတိရစ္ဆာန် အစိတ်အပိုင်းများမှာ ဆင်စွယ်စုစုပေါင်း ၂၁၉ ချောင်း၊ ကျားနှင့် ကျားသစ်အရိုးမျိုးစုံ ၅၂၇ ချောင်း၊ ဦးချိုမျိုးစုံ အချောင်း ၈၀ဝ၊ သင်းခွေချပ်အကြေးခွံ ၁၃၄ ဒသမ ၇၂ ကီလိုဂရမ်၊ လိပ်ခွံနှင့် ဆင်နှာမောင်းချောက် ၅ ဒသမ ၅ ကီလိုဂရမ်၊ စုစုပေါင်း အလေးချိန်ပမာဏအားဖြင့် ၇၆၆ ဒသမ ၁၁ ကီလိုဂရမ်ဖြစ်ပြီး တန်ဖိုးအားဖြင့် မြန်မာငွေကျပ် သိန်းပေါင်း ၁၇၀ဝ၀ ကျော်၊ အမေရိကန်ဒေါ်လာ ၁ ဒသမ ၁ သန်းခန့်ရှိကြောင်း သိရသည်။

 


သတင်း - ဥမ္မာသန့်၊ မြတ်စန္ဒီ
ဓာတ်ပုံ - ရဲထွဋ်