နောင်တရား ၂၄ မတ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ တီကျစ်ကျေးရွာ၊ ရွာမဘုန်းတော်ကြီးကျောင်း၌ မတ် ၂၃ ရက်က တောင်ကြီးစဝ်စံထွန်းဆေးရုံမှ ဆေးရုံအုပ် ဒေါက်တာအောင်ဝေစံနှင့် ဒေါက်တာမြခိုင် (သားဖွားနှင့်မီးယပ် ကလေးအထူးကု)တို့ ဦးဆောင်သောအဖွဲ့သည် ကျေးလက်ဒေသရှိ အထွေထွေရောဂါလူနာများအား အခမဲ့ ဆေးကုသပေးခဲ့ကြောင်း သိရသည်။

 

1

 

ဆေးကုသပေးမှုအနေဖြင့် ဆေးရုံအုပ်ကြီးနှင့် အထူးကုဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများက အထွေထွေရောဂါ၊ သွားနှင့်ခံတွင်း၊ အရိုးအကြော၊ သားဖွားမီးယပ်၊ ကလေး၊ မျက်စိ၊ ခွဲစိတ်လူနာ၊ နား၊ နှာခေါင်း လည်ချောင်း၊ အရေပြား၊ တိုင်းရင်းဆေးသမားတော်၊ ဓာတ်မှန်ခန်း၊ Ultrasound ၊ ECG စသည့် ဆေးကုသခန်းများ ဖွင့်လှစ်ကုသပေးလျက်ရှိရာ တီကျစ်ကျေးရွာ အနီးပတ်ဝန်းကျင် ကျေးရွာများမှ အထွေထွေရောဂါလူနာ ၃၀ဝ၀ ကျော်ခန့် လာရောက်ဆေးကုသခဲ့ကြောင်း သိရသည်။ 

ဆေးကုသမှုခံယူနေသည့် လူနာများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်၊ လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒေသဦးစီးဥက္ကဋ္ဌ ဦးခွန်စံလွင်၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးခွန်စောအောင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ပြီး တီကျစ်တိုက်နယ်ဆေးရုံတွင် ဆောက်လုပ်လျက်ရှိသည့် လူနာဆောင်ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ခွန်အောင်(နောင်တရား)