၅ ဖေဖော်ဝါရီ
ဂျပန်နိုင်ငံမှာ ဇူလိုင် ၂၄ ရက်နေ့တွင် စတင်ကျင်းပမယ့် တိုကျိုအိုလံပစ်ပြိုင်ပွဲအတွက် ပွဲကျင်းပရေး ကော်မတီအနေနဲ့ စိုးရိမ်ပူပန်ကြောင်း၊ ပြိုင်ပွဲရဲ့ အရှိန်အဟုန်ပေါ်ကို ရေအေးနဲ့ လောင်းချလိုက်သလိုမျိုး ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုက ဖြစ်သွားမှာကို စိုးရိမ်ကြောင်း၊ ဗိုင်းရပ်စ်ပိုးကို အလျင်အမြန် နှိမ်နင်းနိုင်ဖို့ မျှော်လင့်ကြောင်း ဒီနေ့(ဗုဒ္ဓဟူးနေ့) မှာ တိုကျိုအိုလံပစ်ကျင်းပရေးကော်မတီ က ထုတ်ဖော်ပြောကြား လိုက်ပါတယ်။
တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကြောင့် သေဆုံးသူ ၅၀၀ နီးပါးနဲ့ ရောဂါပိုးခံစားနေရသူ အနည်းဆုံး ၂၄,၀၀၀ ရှိနေချိန်မှာ နိုင်ငံပေါင်း ၂၀ ကျော်မှာလည်း ရောဂါပိုးခံစားနေရသူများ ရှိနေပါတယ်။
ဂျပန်ဘောလုံးအသင်း နည်းပြဟောင်းကတော့ ကိုရိုနာဗိုင်းရပ်စ်ကို နှိမ်နင်းနိုင်မယ်။ အိုလံပစ်ပြိုင်ပွဲကို ချောချောမောမော ကျင်းပနိုင်မယ်လို့ ပြောပါတယ်။
တိုကျိုအိုလံပစ်ကျင်းပရေးကော်မတီ အနေနဲ့ နိုင်ငံတကာအိုလံပစ်ကော်မတီ၊ အစိုရနဲ့ တိုကျိုမြို့တို့ ပူပေါင်းပြီး ဒီရောဂါပိုးကို ကိုင်တွယ်နိုင်ရန် အစီအစဉ်ရှိကြောင်း ပြောကြားပါတယ်။ တိုကျိုအုပ်ချုပ်ရေးမှူး ယူရိုကို ကွိုင်ကီ ကလည်း ကိုရိုနာဗိုင်းရပ်စ်ပိုးကနေ ကာကွယ်ဖို့ အိုလံပစ်ပြိုင်ပွဲအထိ စီစဉ်ထားကြောင်း ကတိပေးပါတယ်။
ဝန်ကြီးချုပ်ရှင်ဇိုအာဘေးက အိုလံပစ်ပြိုင်ပွဲမှာ အနှောက်အယှက်မဖြစ်အောင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ လက်တွဲလုပ်ဆောင်မယ်လို့ ပြောထားသလို ဗိုင်းရပ်စ်ပိုးကို အလျင်အမြန်စစ်ဆေးနိုင်တဲ့ စက်ကိုလည်း ဂျပန်နိုင်ငံက လုပ်ဆောင်ထားကြောင်း ပြောပါတယ်။
ဗိုင်းရပ်စ်ပိုးကြောင့် တရုတ်နိုင်ငံမှာ ကျင်းပဖို့ရှိတဲ့ လက်ဝှေ့နဲ့ ကြက်တောင် အရည်အချင်းရွေးချယ် ပွဲတွေကို ဖျက်သိမ်းထားရကြောင်း သိရပါတယ်။
တိုကျို အိုလံပစ်ပြိုင်ပွဲကို ဇူလိုင် ၂၄ ရက်နေ့မှာ စတင်ပြီး ပါရာလံပစ် ပြိုင်ပွဲကို သြဂုတ် ၂၅ ရက်နေ့မှာ ကျင်းပဖို့ရှိနေပါတယ်။
MDN
ကိုးကား -AFP


