ရှမ်းပြည်နယ်  ၈ မတ်

ဒသမအကြိမ်မြောက် တောင်ရိုးအမျိုးသားနေ့ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ပင်းတယမြို့နယ် တည်ပင်ကျေးရွာ၌ ကျင်းပရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံနှင့် တောင်ရိုးအမျိုးသား အလံတော်ကိုအလေးပြုကြပြီး တောင်ရိုးတမဲ ယဉ်ကျေးမှုအက၊ နောင်လွယ်ရိုးရာစည်တို ဆိုင်းအကတို့ဖြင့် အခမ်းအနားကို ဖွင့်လှစ်ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနိုင်သက်လွင်က မိမိတို့၏ စကား၊ စာပေ၊ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းအစဉ်အလာများကို မပျောက်မပျက် ကာကွယ်ထိန်းသိမ်းရမည်မှာ သက်ဆိုင်ရာ လူမျိုးတိုင်း၏ မွေးရာပါတာဝန်တစ်ရပ်ဖြစ်ပြီး နိုင်ငံတော်အနေဖြင့် လိုအပ်သည့် အကာကွယ်ပေးခြင်းနှင့် ပံ့ပိုးကူညီသည့် အခန်းကဏ္ဍမှသာ အဓိကပါဝင်သွားမည် ဖြစ်ကြောင်း၊ ၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေတို့တွင် တိုင်းရင်းသားလူမျိုးများသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ ပြည်သူတို့၏ အကျိုးငှာ ပြဌာန်းထားသည့် ဥပဒေနှင့်မဆန့်ကျင်လျှင် မိမိတို့၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းနှင့် ကိုးကွယ်သည့်ဘာသာတို့ကို လွတ်လပ်စွာ ဆောင်ရွက်ခွင့်ရှိသည်ဟု ပြဌာန်းပါရှိသဖြင့် တောင်ရိုးတိုင်းရင်းသားများအနေဖြင့် ဥပဒေပါ အခွင့်အရေးများကို အမိအရဆုပ်ကိုင် အသုံးချတတ်ရန် လိုအပ်ကြောင်း၊ နိုင်ငံတော်အစိုးရက ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးလုပ်ငန်းကို အထူးဦးစားပေး၍ တစိုက်မတ်မတ် ဆောင်ရွက်လျက်ရှိရာတွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစုပင်လုံကို (၃)ကြိမ်တိုင်တိုင် ကျင်းပခဲ့ပြီး တိုင်းရင်းသား ပြည်သူများလိုလားလျက်ရှိသည့့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု ထူထောင်နိုင်ရန်အတွက် ပြည်သူများ၏ဆန္ဒနှင့်အညီ လိုအပ်သည့်အခြေခံမူများကို ညှိနှိုင်းဆွေးနွေးပြီး ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ထည့်သွင်းရေးဆွဲနိုင်ရန်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် တိုင်းရင်းသားအခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ခြင်း၊ တိုင်းရင်းသားများ၏ စကား၊ စာပေ၊ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများ၊ အမျိုးသားရေး လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် လူမှုစီးပွားဘဝတိုး တက်စေရေး ဆောင်ရွက်ခြင်းတို့ကို ဦးတည်ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အပြင် တိုင်းရင်းသားလူမျိုးများ၏ နေ့ထူးနေ့မြတ်အခမ်းအနားများကို လွတ်လပ်စွာကျင်းပခွင့်ရရှိ ရေးသက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ အဖွဲ့များနှင့်ချိတ်ဆက်ပြီးလိုအပ်သည့် ထောက်ပံ့ရံပုံ ငွေရရှိရေးကို ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးကို တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးနှင့် လက်တွဲပြီး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ တောင်ရိုးတိုင်းရင်းသား ညီအစ်ကိုမောင်နှမများအနေဖြင့် တစ်တပ်တစ်အား ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားသည်။ 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်ဇနီးက အလှူငွေများ ပေးအပ်ရာ တောင်ရိုးစာပေနှင့် ယဉ်ကျေးမှုကော်မတီက ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

ထို့နောက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဌ ဦးအာကာလင်းမှ အမှာစကားပြောကြားပြီး အလှူငွေများပေးအပ်ပြီး တောင်ရိုးစာပေနှင့် ယဉ်ကျေးမှုကော်မတီ ဥက္ကဌ ဦးသောင်းရွှေနှင့် အမျိုးသားနေ့ ကျင်းပရေးကော်မတီဥက္ကဌတို့က ကျေးဇူးတင်စကား ပြောကြားကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ ဥက္ကဌတို့သည် တောင်ရိုးစာပေနှင့် ယဉ်ကျေးမှုပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးကာ စာအောင်တောင်ရိုး တိုင်းရင်းသားသံဃာတော်များအား ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းကြသည်။

(သတင်းစဉ်)