နေပြည်တော် ၇ မတ် 

 

၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာ ဖြေဆိုနေမှုများကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် တပ်ကုန်းမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ ဖြေဆိုမှုများကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး လှည့်လည်ကြည့်ရှုအားပေးသည်။

 

ထို့သို လှည့်လည်ကြည့်ရှုစဉ် ပြည်ထောင်စုဝန်ကြီးက တာဝန်ရှိသူများအား ကျောင်းသားကျောင်းသူများ စာမေးပွဲဖြေဆိုနေစဉ်ကာလအတွင်း စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေး၊ အလင်းရောင်နည်းပါးသော စာဖြေခန်းများ၌ လိုအပ်သော အလင်းရောင်ရရှိရေး ဆောင်ရွက်ပေးရန်နှင့် အခြားလိုအပ်ချက်များ ပေါ်ပေါက်လာပါက အမြန်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးရန် မှာကြားသည်။

 

mdn

 

အလားတူ ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော် တပ်ကုန်းမြို့နယ် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၊ ဇေယျာသီရိမြို့နယ် အခြေခံပညာ အထက်တန်းကျောင်း (ရေဆင်း)၊ ပုဗ္ဗသီရိမြို့နယ် အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၁၃) အခြေခံပညာ အထက်တန်းကျောင်းများရှိ စာစစ်ဌာနများ၌ ကျောင်းသားကျောင်းသူများ၏ စာမေးပွဲဖြေဆိုနေမှုများနှင့် စာမေးပွဲဆိုင်ရာလုပ်ငန်း ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုသည်။

 

တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ်ကို မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်တွင်းစာစစ်ဌာန ၁၈၆၅ ခုနှင့် နိုင်ငံခြားစာစစ်ဌာန ၂၁ ခု၊ စာစစ်ဌာနစုစုပေါင်း ၁၈၈၆ ခုတွင်  စာမေးပွဲဖြေဆိုသူ  ၈၅၀၈၉၀ က အေးချမ်းစွာ ဝင်ရောက်ဖြေဆိုကြသည်။ 

 

နေပြည်တော်ကောင်စီနယ်မြေတွင် စာစစ်ဌာနစုစုပေါင်း ၅၀ တွင် စုစုပေါင်း ၂၄၈၀၇ ဦး ဝင်ရောက်ဖြေဆိုကြသည်။ 

 

(သတင်းစဉ်)