(မတ် (၃)ရက် မွန်းလွဲ ၂ နာရီ ထုတ်ပြန်ချက်)
===================
ယနေ့နံနက် ၉ နာရီခွဲထိ မိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်မှာ လွန်ခဲ့သော(၂၄)နာရီအတွင်းက တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ကာ ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင် အများအားဖြင့် သာယာခဲ့သည်။
နေ့အပူချိန်များမှာ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် အရှေ့ပိုင်း)၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မတ်လ၏ ပျမ်းမျှအပူချိန်တို့ထက် (၂)ဒီဂရီစင်တီဂရိတ်၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင်မတ်လ၏ ပျမ်းမျှအပူချိန်တို့ထက် (၃)ဒီဂရီစင်တီဂရိတ်ပိုခဲ့ပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် မတ်လ၏ ပျမ်းမျှအပူချိန်ခန့်သာ ရှိခဲ့သည်။
ထူးခြားသည့် နေ့အပူချိန်များမှာ ချောက်မြို့တွင် (၄၀)ဒီဂရီစင်တီဂရိတ်နှင့် ဘော်လခဲမြို့တွင် (၃၉)ဒီဂရီစင်တီဂရိတ်တို့ ဖြစ်ကြသည်။
ဘင်္ဂလားပင်လယ်အော်အခြေအနေမှာ ယနေ့မြန်မာစံတော်ချိန် မွန်းလွဲ ၁၂ နာရီခွဲ တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာတို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်(Depression) သည် အနောက်မြောက်ဘက်သို့ ရွှေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ ကိုကိုးကျွန်း(Coco Island)မြို့၏ အနောက်တောင်ဘက် ရေမိုင်(၇၇၅)မိုင်ခန့်၊ ဟိုင်းကြီးကျွန်း (Hainggyigyun)မြို့၏ အနောက်တောင်ဘက် ရေမိုင်(၈၉၀)မိုင်ခန့်၊ သီရိလင်္ကာနိုင်ငံ၊ ထရီကိုမာလီ(Trincomale)မြို့၏ တောင်-အရှေ့တောင်ဘက် ရေမိုင် (၂၃၀)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ နာဂါပတ္တနမ်(Nagapattinam)မြို့၏ တောင်-အရှေ့တောင်ဘက် ရေမိုင် (၃၈၅)မိုင်ခန့်၊ ပူဒူချယ်ရီ (Puducherry)မြို့၏ တောင်-အရှေ့တောင်ဘက် ရေမိုင် (၄၄၅)မိုင်ခန့်နှင့် ချင်းနိုင်(Chennai) မြို့၏ တောင်-အရှေ့တောင်ဘက် ရေမိုင်(၄၉၀)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်။
ဘင်္ဂလားပင်လယ်အော်တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး ကပ္ပလီပင်လယ်ပြင်တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေသည်။
မနက်ဖြန်နံနက်အထိခန့်မှန်းချက်မှာ တနင်္သာရီတိုင်းဒေသကြီးတွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်သည်။ ရွာရန်ရာနှုန်း(၆၀) ဖြစ်သည်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာမည်။
မြန်မာ့ပင်လယ်ပြင်အခြေအနေမှာ လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၄)ပေမှ (၇)ပေခန့် ရှိနိုင်သည်။
နောက်(၂)ရက်အတွက် ခန့်မှန်းချက်မှာ တနင်္သာရီတိုင်းဒေသကြီးတွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်သည်။
နေပြည်တော်နှင့် အနီးတစ်ဝိုက်အတွက် မနက်ဖြန်နံနက်အထိခန့်မှန်းချက်မှာ အများအားဖြင့် သာယာမည်။
ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက်အတွက် မနက်ဖြန်နံနက်အထိခန့်မှန်းချက်မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။
မန္တလေးမြို့နှင့် အနီးတစ်ဝိုက်အတွက် မနက်ဖြန်နံနက်အထိခန့်မှန်းချက်မှာ အများအားဖြင့် သာယာမည်။
မိုး/ဇလ


