တံတားဦး ၃၀ ဧပြီ
မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် သပွတ်ပင်ကျေးရွာတွင် နွေရာသီကာလ သောက်သုံးရေ ပြတ်လပ်မှု မရှိစေရေးနှင့် သန့်ရှင်းသော သောက်သုံးရေရရှိစေရေးအတွက် ယနေ့ နံနက် ၈ နာရီက ရေဂါလန် ၃၀ဝ၀ အား အလှူရှင်များ စုပေါင်းကာ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ယခုနှစ်တွင် အပူချိန်မြင့်မားခြင်းကြောင့် မြေသားရေကန်တွေ၊ အဝီစီတွင်းတွေ ရေများခန်းခြောက်ပြီး သန့်ရှင်းမှု နည်းပါးလာသည့်အတွက် သောက်သုံးပါက ဝမ်းရောဂါများဖြစ်ပွားမည် စိုးရိမ်သည့်အတွက် ယခုကဲ့သို့ သန့်ရှင်းသည့် သောက်သုံးရေ ရရှိရေး လာရောက်လှူဒါန်းပေးသောကြောင့် ကျေးဇူးတင်ကြောင်း သပွတ်ပင်ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောသည်။
ထိုသို့ သောက်သုံးရေများ လှူဒါန်းရာတွင် သပွတ်ပင်ကျေးရွာရှိ အိမ်ခြေ(၁၄၂)အိမ် လူဦးရေ(၇၅၀) တို့အတွက် ရေဂါလန်(၃၀ဝ၀)ဆံ့ ရေဘောက်ဆာကားနှင့် ဖြန့်ဝေပေးခဲ့ကြောင်း မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ သိရသည်။
MDN


