တပ်ကုန်း  ၃ မတ်

 

ပြည်ထောင်စုနယ်မြေ နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်းရှိ ဆင်သေလက်ဝဲမြောင်း ရေသောက်စနစ် အဆင့်မြှင့်တင်ပြုပြင်ခြင်းလုပ်ငန်း ADSP စီမံကိန်းဧရိယာတွင် နွေစပါးစိုက်ပျိုးရေ စတင်ပေးဝေနေမှုအား နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန်၊ တပ်ကုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်တင့်နှင့် တိုင်းအဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများ မတ် ၁ ရက်က သွားရောက်ကွင်းဆင်း ကြည့်ရှုခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ ဆင်သေရေလွှဲဆည် ရှင်းလင်းဆောင်၌ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန နေပြည်တော် (ထိန်းသိမ်းရေး) လက်ထောက်ညွှန်ကြားရေးမှူးက ဆင်သေလက်ဝဲမြောင်း ရေသောက်စနစ် အဆင့်မြှင့်တင် ပြုပြင်ခြင်းလုပ်ငန်း၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေနှင့် နှစ်အလိုက် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။ 

 

ထို့နောက် နေပြည်တော်ကောင်စီဝင်နှင့် အဖွဲ့သည် ဆင်သေလက်ဝဲမြောင်း ရေသောက်စနစ် အဆင့်မြှင့်တင်ပြုပြင်ခြင်းလုပ်ငန်း ADSP စီမံကိန်း၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေနှင့် နွေစပါးစိုက်ပျိုးရေ စတင်ပေးဝေမှုတို့ကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။ 

 

ယခုနှစ်တွင် နွေစပါးရေပေးဝေမည့် မြောင်းမကြီး ပေတိုင် သုညမှ ပေတိုင် ၁၄၀ဝ၀ အတွင်း မြောင်းပုံစံကျ ပြုပြင်ခြင်းလုပ်ငန်း၊ ကျောက်လိုင်နင်စီခြင်းလုပ်ငန်းနှင့် တူးမြောင်း အဆောက်အအုံ ပြုပြင်ခြင်းလုပ်ငန်းများကို နွေစပါးရေပေးရာသီမတိုင်မီ ပြီးစီးအောင် ဆောင်ရွက်ခဲ့ပြီး ဖေဖော်ဝါရီ ၂၈ ရက်မှ စတင်ကာ နွေစပါးစိုက်ပျိုးရေ ပေးဝေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဆင်သေလက်ဝဲမြောင်း ရေသောက်စနစ်၏ ယခုနှစ် နွေစပါးလျာထားဧရိယာမှာ ၃၀၃၅ ဧကဖြစ်ပြီး ဆင်သေရေသောက်စနစ် တစ်ခုလုံး၏ စုစုပေါင်းနွေစပါး လျာထားဧရိယာမှာ ဧက ၅၀ဝ၀ ဖြစ်ကြောင်း သိရသည်။ 

 

တင်မောင်လွင်(မြန်မာ့အလင်း)၊ ဓာတ်ပုံ-မောင်မွှေး