နေပြည်တော် နိုဝင်ဘာ ၇

 

နိုင်ငံတော်ပျက်စီးရာ ပျက်စီးကြောင်းကို နည်းလမ်းမျိုးစုံဖြင့် အစဉ်တစိုက် ကြိုးပမ်းလုပ်ဆောင်နေသော CRPH၊ NUG အမည်ခံအကြမ်းဖက် အဖွဲ့အစည်းများသည် PDF အမည်ခံ အကြမ်းဖက်သမားများကို မွေးထုတ်ပေးကာ အစိုးရ၏ အုပ်ချုပ်ရေးယန္တရားများ ပျက်စီးစေရန်နှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေးစေရန် ရည်ရွယ်၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နှင့် ပူးပေါင်းကာ ၎င်းတို့အပေါ် အားပေးထောက်ခံမှုမရှိသည့် နိုင်ငံတော်က ပေးအပ်လာသော တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်လျက်ရှိသော အစိုးရဝန်ထမ်းများ၊ ဆရာတော်၊ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ခေါင်းစဉ်အမျိုးမျိုးတပ်၍ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်း၊ ပြည်သူများပိုင်ဆိုင်သည့် အဖိုးတန်နှင့် အမြတ်တနိုး သိမ်းဆည်းထားသော ပစ္စည်းများအား အတင်းအဓမ္မလုယက်ယူဆောင်ခြင်း၊ လက်နက်အားကိုး၍ ပြည်သူလူထုထံမှ အတင်းအဓမ္မ ဆက်ကြေးကောက်ခြင်း၊ လူသစ်စုဆောင်းခြင်း၊ တိုက်ပွဲဖြစ်ပွားရာ ဒေသများ၌ ဒေသခံပြည်သူများအား လူသားတံတိုင်းအဖြစ် အသုံးချခြင်းများ လုပ်ဆောင်လျက်ရှိသည့်အပြင် ဒေသခံပြည်သူများ၏ နေအိမ်များ၊ ဌာနဆိုင်ရာ အစိုးရအုပ်ချုပ်မှု အဆောက်အအုံများ၊ နိုင်ငံတော်၏ ပခုံးပြောင်းတာဝန်များကို ထမ်းဆောင်ကြရမည့် ပညာတတ်လူငယ်လူရွယ်များအား မွေးထုတ်ပေးနေသည့် စာသင်ကျောင်းများ၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနေသည့် စက်ရုံ၊ အလုပ်ရုံများနှင့် ပြည်သူများ အဓိကသွားလာအသုံးပြုလျက်ရှိသည့် လမ်း၊ တံတားကြီးများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း၊ Drop Bomb ချတိုက်ခိုက်ခြင်း စသည့် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိကြသဖြင့် ၎င်းတို့ရောက်ရှိရာ ဒေသများရှိ ပြည်သူလူထုများသည် လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး စသည့် လူမှုစီးပွားဘဝများ အဘက်ဘက်မှ နိမ့်ကျလျက်ရှိသည်။ 

 

ထို့ပြင် CRPH ၊ NUG ပြည်ဖျက် အကြမ်းဖက်အဖွဲ့များနှင့် ၎င်းတို့ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များသည် တောင်ပေါ်ဒေသနှင့် မြေပြန့်ဒေသကို ဆက်သွယ်ပေးထားပြီး နိုင်ငံ၏ ကုန်စည်ကူးသန်းမှုနှင့် လမ်းပန်းဆက်သွယ်မှု အချက်အချာတစ်ခုဖြစ်သည့် မန္တလေးမြို့ကို သိမ်းပိုက်နိုင်ရေးသည်လည်း ၎င်းတို့၏ စိတ်ကူးယဉ်စစ်ရေးအိပ်မက်ထဲမှ တစ်ခုအပါအဝင်ဖြစ်သည်။

 

ထို့ကြောင့် အညာဒေသတွင် ရိုးသားစွာနေထိုင်လုပ်ကိုင် စားသောက်နေကြသည့် ပြည်သူများအား ဒီမိုကရေစီအရေးနှင့် ဒေသကောင်းစားရေးဟု နိုင်ငံရေးမက်လုံးများဖြင့် စည်းရုံးသိမ်းသွင်းကာ အကြမ်းဖက်သင်တန်းများ ပို့ချပေးပြီး MDY-PDF အမည်ခံ အကြမ်းဖက်သမားများအဖြစ် မွေးထုတ်ပေးကာ မြို့၊ ရွာများတွင် တိုက်ပွဲများ ဖော်ဆောင်ခြင်း၊ လုံခြုံရေးအားနည်းသော တပ်စခန်းငယ်များကို အင်အားအလုံးအရင်း အသုံးပြု၍ တိုက်ခိုက်ခြင်း၊ နိုင်ငံ့အကျိုးပြု စက်ရုံ၊ အလုပ်ရုံများအား တိုက်ခိုက်ခြင်းများ လုပ်ဆောင်လာကြရာ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ကျည်တစ်တောင့် လူတစ်ယောက်ကျန်သည်အထိ တိုက်ရဲသည့် စိတ်ဓာတ်၊ လှေခွက် ချည်းကျန် အလံမလဲသည့် စိတ်ဓာတ်များဖြင့် အသက်ကို ပဓာနမထားဘဲ ရဲရဲဝံ့ဝံ့ဖြင့် ပြန်လည်ခုခံ တွန်းလှန်ခဲ့ကြသော်လည်း အကြမ်းဖက်သမားများအနေဖြင့် အတင်းအဓမ္မခြိမ်းခြောက် လူသစ်စုဆောင်းခြင်းဖြင့် ရရှိလာသော သာလွန်အင်အားများဖြင့် ဒေသခံပြည်သူလူထုအား လူသားတံတိုင်းအဖြစ်အသုံးချ၍ တိုက်ခိုက်လာခြင်းတို့ကြောင့် လုံခြုံရေးတပ်ဖွဲ့များ ထိခိုက်၊ ကျဆုံး၊ ဒဏ်ရာရရှိမှု များပြားလာကာ ပြည်သူလူထု၏ နေအိမ်များ၊ နိုင်ငံ့အကျိုးပြု စက်ရုံ၊ အလုပ်ရုံများ ထိခိုက်ပျက်စီးဆုံးရှုံးမှု အနည်းဆုံးဖြစ်စေရေးတို့အတွက် စစ်နည်းဗျူဟာမြောက် ကြားခံစစ်အဆင့်ဆင့်ဖြင့် စနစ်တကျ ဆုတ်ခွာပေးခဲ့ရာ အကြမ်းဖက်သောင်းကျန်းသူများက မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် ဆည်တော်ကြီးကျေးရွာ အပါအဝင် ၎င်းဒေသတစ်ဝိုက်ရှိ နယ်မြေခံတပ်ဌာနချုပ်၊ ဆည်တော်ကြီး ရေလှောင်တမံနှင့် နိုင်ငံ့အကျိုးပြု အယ်လ်ဖာ ဘိလပ်မြေစက်ရုံ၊ ဖယောင်းတောင်သတ္တုတွင်းနေရာတို့အား ခေတ္တထိန်းချုပ်ခဲ့ကြသည်။

 

သို့ဖြစ်ပါ၍ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အကြမ်းဖက်သမားများ ခေတ္တထိန်းချုပ်ထားသော ဆည်တော်ကြီးကျေးရွာ အပါအဝင် ဆည်တော်ကြီး ရေလှောင်တမံနှင့် နိုင်ငံ့အကျိုးပြု စက်ရုံ၊ အလုပ်ရုံတို့အား ထိခိုက်ပျက်စီးမှု အနည်းဆုံးဖြင့် ပြန်လည်ရရှိရေးအတွက် စီမံချက်များ အဆင့်ဆင့်ရေးဆွဲပြီး စစ်ကြောင်းများခွဲ၍ ပစ်ခတ်မှုနှင့် စစ်ကစားမှုကို ဟန်ချက်ညီညီ ပေါင်းစပ်ပြီး ချေမှုန်းခဲ့ရာ ၂၀၂၅ ခုနှစ် ဩဂုတ် ၂၄ ရက်တွင် ဖယောင်းတောင် သတ္တုတွင်းဒေသတစ်ဝိုက်အား လည်းကောင်း၊ ဩဂုတ် ၂၈ ရက် တွင် အယ်လ်ဖာဘိလပ်မြေစက်ရုံကို လည်းကောင်း ပြန်လည် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး အကြမ်းဖက်သမားများအနေဖြင့် ထိခိုက်ကျဆုံးမှု များစွာဖြင့် မတ္တရာဒေသ မြောက်ဘက်ခြမ်းသို့ ကစဉ့်ကလျား ဆုတ်ခွာထွက်ပြေးသွားကြသည်။ 

 

ဆက်လက်၍ တပ်မတော်စစ်ကြောင်းများအနေဖြင့် တိုက်စစ်အဟုန်မြှင့်တင်၍ အကြမ်းဖက်သမားများ ထိန်းချုပ်ထားသောနယ်မြေများ ပြန်လည်ရရှိရေးအတွက် လိုအပ်သည့် ပြင်ဆင်စုဖွဲ့များ အသေးစိတ်ဆောင်ရွက်ခဲ့ပြီး ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၀ ရက်မှ စတင်၍ အကြမ်းဖက်ချေမှုန်းရေး စစ်ဆင်ရေးအား ဆက်လက်ဆောင်ရွက်ခဲ့ရာ ဆည်တော်ကြီး ရေလှောင်တမံ၏ အရှေ့ဘက်သပြေဒိုးမှ စစ်ကြောင်းတစ်ကြောင်း၊ သံဘိုမှ စစ်ကြောင်းတစ်ကြောင်း၊ ဆည်တော်ကြီး ရေလှောင်တမံ၏တောင်ဘက် အယ်လ်ဖာဘိလပ်မြေ စက်ရုံအနီးရှိ စခန်းသာ-ကြာပင်- သန်းကုန်းမှ စစ်ကြောင်းတစ်ကြောင်း၊ စခန်းသာ - သဖန်းကိုင်း - တံတားကုန်းမှ စစ်ကြောင်းတစ်ကြောင်း၊ ဆည်တော်ကြီး ရေလှောင်တမံ၏ အနောက်တောင်ဘက် ကျောက်တံတား- မြောင်းသစ် - ရုံးပင် - အထက် တောင်ကိုင်းမှ အထောက်အကူပြု စစ်ကြောင်း တစ်ကြောင်း စသည့် စစ်ကြောင်း ငါးကြောင်းဖြင့် တန်ပြန်တိုက်စစ်အား အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့သည်။ အကြမ်းဖက်သမားများအနေဖြင့်လည်း ၎င်းတို့ ခေတ္တထိန်းချုပ်ထားသည့် မြို့၊ ရွာများ၊ ရေလှောင် တမံတို့အား  လက်မလွှတ်ရရေး ပြည်သူလူထု၏ လူနေအိမ် အဆောက်အအုံများ၊ ဆည်တော်ကြီးဆည်၏ ရေထိန်းတံခါးများ၊ ရေလွှဲဆည်များကို အကာအကွယ်ရယူ၍လည်းကောင်း၊ ရေထိန်းတမံနှင့် ပတ်ဝန်းကျင်တွင် ကွန်ကရစ်ဘန်ကာများ၊ မြေခွေးကျင်းများနှင့် ဆက်သွယ်ရေးမြောင်းများကို တည်ဆောက်၍လည်းကောင်း အခိုင်အမာ ခံစစ်ဆင် ပြန်လည်ခုခံခဲ့သော်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ဒေသခံပြည်သူများ၏ အပြည့်အဝအားပေးထောက်ခံမှု၊ တိုက်ပွဲဝင်အရာရှိစစ်သည်များ၏ စိတ်ဓာတ်တက်ကြွ၍ တိုက်လိုခိုက်လိုစိတ် ပြင်းပြမှု၊ မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ ဝီရိယရှိမှု၊ စနစ်တကျ ရေးဆွဲထားသော စီမံချက်ကောင်းမွန်မှုတို့ဖြင့် အဆိုပါဆည်ကြီးရှိ အဆောက်အအုံများ၊ စက်ပစ္စည်း ကိရိယာများနှင့် ဆည်မြောင်းတာတမံ ရေထိန်းတံခါးများ ထိခိုက်ပျက်စီးမှုမရှိစေရေး ကန့်သတ်ချက်များကြားမှ ထိန်းထိန်းသိမ်းသိမ်းဖြင့် တိုက်စစ်ဆင်ခဲ့ရာ နိုဝင်ဘာ ၇ ရက် ယနေ့မွန်းလွဲပိုင်းတွင် ဆည်တော်ကြီး ရေလှောင်တမံနှင့် နယ်မြေခံတပ်ဌာနချုပ် ပတ်ဝန်းကျင် အားလုံးကို ပြန်လည်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။ 

 

ထိုသို့ ပြန်လည်တိုက်ခိုက် သိမ်းပိုက်ခဲ့ရာ စစ်ဆင်ရေးကာလ ၁၉ ရက်အတွင်း အကြမ်းဖက် သောင်းကျန်းသူများနှင့် တိုက်ပွဲကြီးငယ် (၄၂) ကြိမ် ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သောင်းကျန်းသူများထံမှ အလောင်း ၁၄ လောင်း၊ လက်နက်မျိုးစုံ ၆၀ နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ နိုင်ငံတော်အတွက် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရသည်။    

 

အဆိုပါ ဆည်တော်ကြီး ရေလှောင်တမံသည် မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် စလေကျေးရွာအုပ်စု ဆည်တော်ကြီးရွာအနီးတွင် တည်ရှိပြီး မန္တလေးမြို့ ရေပေးဝေရေး၊ မတ္တရာဒေသနှင့် မန္တလေးပတ်ဝန်းကျင်ဒေသတွင်း စိုက်ပျိုးရေပေးဝေရေး၊ ရေအားလျှပ်စစ်ထုတ်လုပ်ရေးတို့အတွက် ရည်ရွယ်ဆောက်လုပ်ထားသည့် တာတမံဖြစ်ပြီး ၁၉၇၆ ခုနှစ်မှ စတင်တည်ဆောက်ခဲ့ရာ ၁၉၈၇ ခုနှစ်တွင် အောင်မြင်စွာ ပြီးစီးခဲ့ သည့် မြေသား၊ ကွန်ကရစ်၊ ကျောက်ဖြည့်တမံအမျိုးအစားဖြစ်ကာ တမံအလျား ပေ ၄၁၂၀၊ တမံအမြင့် ၁၃၃ ပေနှင့် တမံထိပ် အကျယ် ပေ ၂၀ ရှိပြီး ကန်ရေပြည့် ရေလှောင်ပမာဏ အနေဖြင့် ဧကပေ ၃၆၃၀၀၀ ရှိပြီး အကျိုးပြု ရေလှောင်ပမာဏမှာ ဧကပေ ၂၇၉၀၀၀ ရှိသည်။ ယင်းအပြင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့၊ ရွာများအတွက် ဆည်ရေပေးဝေနိုင်သည့် လယ်မြေဧက ၁၂၇၀၀၀ ကို စိုက်ပျိုးရေဖြန့်ဖြူးပေးနိုင်ကြောင်း သိရသည်။ ထို့ပြင် ဆည်တော်ကြီးရေလှောင်တမံမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုအနေဖြင့် စက်တပ်စွမ်းအား ၂၅ မဂ္ဂါဝပ်ရှိပြီး တစ်နှစ်လျှင် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မှု နာရီသန်းပေါင်း ၁၃၄ ကီလိုဝပ်ကိုလည်း ထုတ်လုပ်ပေးသဖြင့် ဒေသခံပြည်သူလူထု၏ လူမှုစီးပွားဘဝကို ဖွံ့ဖြိုးတိုးတက်အောင် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုလျက်ရှိသည်။ 

 

PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များအနေဖြင့် ဆည်တော်ကြီး ရေလှောင်တမံအား ထိန်းချုပ်ထားစဉ်အတွင်း ပြည်သူများ၏ လျှပ်စစ်မီးရရှိရေး၊ သောက်သုံးရေရရှိရေး၊ စိုက်ပျိုးရေရရှိရေးများအတွက် ထောက်ထားငဲ့ညှာမှုမရှိဘဲ ၎င်းတို့၏ ကိုယ်ကျိုးစီးပွားအတွက်သာ လိုအပ်သလိုအသုံးချခဲ့ပြီး ရေထိန်းတံခါးများအား ဖွင့်ခြင်း/ ပိတ်ခြင်းများ ဆောင်ရွက်ခဲ့သည့်အတွက် ကျုံးရေလျော့နည်းကာ မန္တလေးမြို့နှင့် ပတ်ဝန်ကျင် ကျေးရွာနေပြည်သူများ သောက်သုံးရေ ဖူလုံစွာမရရှိခြင်း၊ စိုက်ပျိုးရေ ဖူလုံစွာမရရှိခြင်းများ ဖြစ်ပေါ်ခဲ့ပြီး ၂၀၂၄-၂၀၂၅ ခုနှစ် မိုးရာသီတွင် မိုးစပါး ၇၄၂၄၉ ဧက အတွက် စိုက်ပျိုးရေပေးဝေရန် လျာထားခဲ့သော်လည်း ၃၀၅၉၂ ဧကကိုသာ စိုက်ပျိုးနိုင်ခဲ့ပြီး စိုက်ပျိုးမြေဧက ၄၃၆၅၇ ဧက နစ်နာဆုံးရှုံးခဲ့ရသည်။

 

ထို့အတူ ၂၀၂၄-၂၀၂၅ ခုနှစ် နွေရာသီတွင် နွေစပါးနှင့် အခြားသီးနှံ ၇၃၁၄၅ ဧက ကို စိုက်ပျိုးရေပေးဝေရန် လျာထားခဲ့သော်လည်း ၃၂၂၆၉ ဧကကိုသာ စိုက်ပျိုးနိုင်ခဲ့သည့်အတွက် ၄၀၈၇၆ ဧက နစ်နာဆုံးရှုံးခဲ့ရသည်။

 

အလားတူ ယခုနှစ် ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးနှင့် အခြားသီးနှံ ၈၀၁၁၁ ဧကကို စိုက်ပျိုးရေပေးရန် လျာထားပြီး အောက်တိုဘာ ၈ ရက်အထိ စုစုပေါင်း ၄၉၀၄၈ ဧက ကိုသာ စိုက်ပျိုးခဲ့ရ၍ စိုက်ပျိုးမြေ ဧက စုစုပေါင်း ၃၁၀၆၃ ဧက နစ်နာဆုံးရှုံးခဲ့သည်။

 

ထို့ပြင် ဆည်တော်ကြီးရေလှောင်တမံမှ စိုက်ပျိုးရေတိုးချဲ့ပေးဝေနိုင်ရန်အတွက် ဆောင်ရွက်ဆဲဖြစ်သည့် “ရေနံ့သာမြောင်း၏ လက်ယာဘက်တွင်လည်း ရေပေးမြောင်းအသစ် ဖောက်လုပ်၍ စိုက်ပျိုးမြေ ဧက ၁၂၀၀၀ အား တိုးချဲ့ရေပေးဝေနိုင်ရေးအတွက် ရေထုတ်ပြွန်နှင့် ရေသောက်စနစ် တည်ဆောက်ခြင်းလုပ်ငန်း” စီမံကိန်းမှာလည်း အကြမ်းဖက်လုပ်ရပ်များကြောင့် ရပ်ဆိုင်းခဲ့ရသဖြင့် ဒေသခံတောင်သူများ၏ သီးနှံစိုက်ပျိုးထုတ်လုပ်မှုကို ထိခိုက်လျော့နည်းစေခဲ့ပြီး နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် များစွာနစ်နာဆုံးရှုံးခဲ့ရကာ ဆင်းရဲဒုက္ခများ ပိုမိုခံစားခဲ့ရသည်။ 

 

PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များအနေဖြင့် ဆည်တော်ကြီးရေလှောင်တမံအား ထိန်းချုပ်ထားစဉ်အတွင်း ရေလှောင်တမံကြီး၏ ရေပေးဝေမှုကို ထိန်းချုပ်ထားခဲ့သလို ရေလှောင်တမံကြီး၏ ဆည်ရေပိုလွှဲရေတံခါး အဖွင့်/ အပိတ်မောင်းခလုတ်၊ ဆည်တမံပေါင်နှင့် ရေထိန်းတံခါးတို့အား မိုင်းထောင်၍ ဖောက်ခွဲဖျက်ဆီးရန် ယုတ်မာရိုင်းစိုင်းစွာဖြင့် လုပ်ဆောင်ခဲ့သည်ကို တွေ့ရှိခဲ့ရသည်။ ထိုသို့ အကြမ်းဖက်သောင်းကျန်းသူများက အဆိုပါနေရာများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ပါက ဆည်ရေသောက်စနစ်ဖြင့် နေ့စဉ်ဖြန့်ဖြူးပေးနေသည့် စိုက်ပျိုးရေဧရိယာအတွင်းရှိ စိုက်ပျိုးမြေများနှင့် ဒေသခံပြည်သူများ၏ အိုးအိမ်များ ရေလွှမ်းမိုး၍ ပျက်စီးခြင်းများ ကြုံတွေ့ရမည်ဖြစ်ပြီး လျှပ်စစ်ဓာတ်အား ထုတ်လွှတ်နိုင်မှုမှာလည်း ပျက်စီးဆုံးရှုံး၍ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်နစ်နာစေမည်ဖြစ်သည်။ 

 

တပ်မတော် စစ်ကြောင်းများအနေဖြင့် ယခုကဲ့သို့ အကြမ်းဖက်သမားများ၏ ဆည်ရေပိုလွှဲရေတံခါး အဖွင့်/ အပိတ် မောင်းခလုတ်၊ ဆည်တမံပေါင်နှင့် ရေထိန်းတံခါးတို့အား မိုင်းထောင်၍ ဖောက်ခွဲဖျက်ဆီးရန် ယုတ်မာရိုင်းစိုင်းသည့် လုပ်ရပ်များအား လက်မတင်အချိန်မီတားဆီး ထိန်းချုပ်နိုင်ခဲ့ခြင်းကြောင့် ဆည်တမံပျက်စီးခြင်းမှ ကာကွယ်နိုင်ခဲ့သည့်အပြင် ဒေသနှင့်ဒေသတွင်း နေထိုင်ကြသူများ၏ အကျိုးစီးပွားပျက်စီးခြင်းမှ ကာကွယ်ပေးနိုင်ခဲ့ပြီး ဒေသတွင်း တည်ငြိမ်အေးချမ်း ရေးလုပ်ငန်းများကို လုပ်ဆောင်နိုင်ခဲ့ပြီဖြစ်သည်။ 

 

တိုးမြှင့်ဆောင်ရွက် 

 

ယခုအခါ ဆည်တော်ကြီးရေလှောင်တမံနှင့် ဝန်းကျင်ဒေသအား မိမိတပ်မတော်က ပြန်လည် ထိန်းချုပ်နိုင်ပြီဖြစ်သည့်အတွက် ရေထိန်းတံခါးများအား ပုံမှန်အချိန်အတိုင်း စနစ်တကျ ဖွင့်/ ပိတ်ခြင်း၊ ရေထိန်းရေလှောင်ခြင်း၊ ရာသီအလိုက် စနစ်တကျ ရေပေးဝေခြင်း၊ ရေလွှတ်ခြင်းများဆောင်ရွက်ပြီး ဒေသခံပြည်သူများအတွက် လျှပ်စစ်မီးများ၊ သောက်သုံးရေများ၊ စိုက်ပျိုးရေများဖူလုံစွာရရှိအောင် ဆောင်ရွက်နိုင်မည်ဖြစ် သည့်အားလျော်စွာ ဒေသတွင်း လမ်းပန်းဆက်သွယ်ရေးများ၊ ဒေသခံပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းများလည်း ပြန်လည်ဖော်ဆောင်ပေးနိုင်တော့မည်ဖြစ်ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများကို ဆက်လက်တိုးမြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်