နေပြည်တော်  ၃   မေ 

 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်(ICOE) ဥက္ကဋ္ဌ ဖိလစ်ပိုင်သံအမတ်ကြီးဟောင်း Ms. Rosario Manalo နှင့််အဖွဲ့အား ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ် သာဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

       

ထိုသို့တွေ့ဆုံစဉ်   ၂၀၁၇ ခုနှစ်၊ သြဂုတ်လ၊ စက်တင်ဘာလများတွင် ဖြစ်ပွားခဲ့သည့် ARSA အကြမ်းဖက်အဖွဲ့၏  တိုက်ခိုက်မှုများသည် ရုတ်ချည်းဖြစ်ပေါ်ခြင်း မဟုတ်ဘဲ လတ်တလောအားဖြင့် ၂၀၁၂ ခုနှစ်၊ ၂၀၁၆ ခုနှစ်တို့တွင် ဖြစ်ပေါ်ခဲ့သည့် နောက်ခံအကြောင်းအရာများနှင့် ဆက်စပ်နေသည့် အခြေအနေ၊ နိုင်ငံတကာမှ စွပ်စွဲချက်များ၊ တစ်ဖက်သတ် ဖော်ပြချက်များကိုသာမကြည့်ဘဲ သက်သေအထောက်အထား ခိုင်ခိုင်လုံလုံဖြင့် အဖြစ်မှန်ပေါ်ပေါက်သည်ထိ စုံစမ်းစစ်ဆေး ရန်လိုအပ်သည့် အခြေအနေ၊ ယင်းဖြစ်စဉ်များနှင့် ပတ်သက်၍ တပ်မတော်က ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်း ဦးဆောင်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း၍ စုံစမ်းစစ်ဆေးခဲ့ပြီး အပြစ်ရှိသူများကို အရေးယူခဲ့သည့် အခြေအနေ၊ ယင်းစုံစမ်းစစ်ဆေးမှုအပြင် နောက်ထပ် ပြစ်မှုကျူးလွန်သူများ ရှိ၊ မရှိ ထပ်မံ၍စစ် ဆေးဖော်ထုတ် အရေးယူနိုင်ရန်အတွက် တပ်မတော် အက်ဥပဒေနှင့်အညီ စုံစမ်းစစ်ဆေးရေးခုံရုံးနှင့် ယင်းစုံစမ်းစစ်ဆေးရေးခုံရုံးကို အထောက်အကူပြုရန် ဥပဒေအကြံပေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ စုံစမ်းစစ်ဆေးရေးခုံရုံးက စစ်ဆေးတွေ့ရှိချက်များအရ ပြစ်မှုကျူးလွန်သူ များရှိပါက ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်မည့် အခြေအနေ၊ မြန်မာနိုင်ငံအနှံ့တွင် ဗုဒ္ဓဘာသာ ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ ကိုးကွယ်သူများ အားလုံး ယခုအချိန်ထိ အေးချမ်းစွာ နေထိုင်နေကြသည်ဖြစ်ရာ ရခိုင်ပြည်နယ် မောင်တောဒေသတွင် ဖြစ်ပွားခဲ့သော ပြဿနာသည် ဘာသာရေးပြဿနာမဟုတ်ဘဲ ဒေသတွင်းနေထိုင်ကြသူအချင်းချင်း၏ ပဋိပက္ခနှင့် တရားမဝင်လူဝင်၊ ထွက်မှုကြောင့် ဖြစ်ပေါ်ခဲ့သော ပြဿနာသာဖြစ်ကြောင်း သိရှိနိုင်သည့် အခြေအနေ၊ ICOE မှ သိရှိ လိုသောအချက်များ ရရှိနိုင်ရေး တပ်မတော်က ပူးပေါင်း ကူညီဆောင်ရွက်ပေးသွားမည့် အခြေအနေတို့ကို  ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

(သတင်းစဉ်)